ကမ္ဘာကြီးဟာ ၂၀၄၅ မှာ အခုနဲ့ လုံးဝမတူတော့ပဲ အများကြီး ပြောင်းလဲသွားပါလိမ့်မယ်။

အနာဂတ်ကိုကြိုတင်ခန့်မှန်းရတာဟာ အတော်ကို ခက်ခဲပြီး လွှဲမှားဖို့လဲ အလွန်ဖြစ်နိုင်တဲ့ ကိစ္စရပ်ပါပဲ။ ဒါပေမယ့် နည်းပညာပိုင်းတိုးတတ်မှုနဲ့ ကြိုတင်စဉ်းစားခြင်းတို့နဲ့ ပတ်သက်ပြီး မေးမြန်းရမယ်ဆိုရင်ကတော့ ပန်တဂွန် ရဲ့ သုတေသီ အေဂျင်စီက လူတွေဟာ အသင့်လျော်ဆုံးလူတွေဖြစ်မယ်လို့ ပြောရပါလိမ့်မယ်။

၁၉၅၈ ခုနှစ်မှာ စတင်ခဲ့တဲ့ Defense Advanced Research Projects Agency (DARPA) ဟာ စစ်ဖက်ပိုင်းဆိုင်ရာအတွက် အသစ်အသစ်တွေ တီထွင်နေတာဟာ အခုလက်ရှိမှာ ကျွန်တော်တို့ မသိနိုင်သေးတဲ့ နည်းပညာပိုင်းတွေလဲ အများကြီး ရှိနေဦးမယ်လို့ ပြောလို့ရပါတယ်။

GPS စနစ်၊ အင်တာနက်နဲ့ အဆင့်မြင့်စက်ရုပ်တွေဟာ အဆိုပါ DARPA ကနေ စတင်ခဲ့တဲ့ နည်းပညာတွေပဲ ဖြစ်ပါတယ်။
၂၀၄၅ ဟာ ဘယ်လိုများဖြစ်နေမလဲ။

စက်ရုပ်နဲ့လူလုပ်အသိညဏ်(AI) များဟာ နေရာတော်တော်များများမှာ တွေ့နေရပါလိမ့်မယ်။ ဒရုန်းလေယာဉ်များဟာ စစ်ဖက်သုံးတင်မကတော့ပဲ အရပ်သုံးအဆင့်မှာပါ နေရာယူလာပါလိမ့်မယ်။ အလိုအလျောက်မောင်းနှင်တဲ့ ကားများဟာ လမ်းပေါ်မှာ နေရာအနှံ့ဖြစ်လာပါလိမ့်မယ်။

ဒါပေမယ့် DARPA က သိပ္ပံပညာရှင်များကတော့ ဒီ့ထက် များစွာကြီးမားတဲ့ အမြင်တွေရှိနေပါတယ်။ ပြီးခဲ့တဲ့ နှစ်ထဲမှာ ရိုက်ကူးခဲ့တဲ့ Forward to the Future ဆိုတဲ့ ဗီဒီယိုထဲမှာ သုတေသီ ၃ ယောက်ကနေပြီးတော့ နောင်အနှစ် ၃၀ မှာဖြစ်လာနိုင်တဲ့ အနာဂတ်နည်းပညာများကို ခန့်မှန်းပြောကြားခဲ့ပါတယ်။

DARPA ရဲ့ ဇီဝဗေဒပိုင်းဆိုင်ရာ နည်းပညာဌာနရဲ့ ညွှန်ကြားရေးမှုးဖြစ်သူ Neuroscientist ဖြစ်တဲ့ Dr. Justin Sanchez က ပြောကြားခဲ့တာဟာ အလွန်ကို ရှေ့ရောက်နေပါတယ်။ ကျွန်တော်တို့ဟာ အရာဝတ္ထုများကို ကျွန်တော်တို့ စိတ်နဲ့တင် ထိန်းချုပ်နိုင်နေပါလိမ့်မယ်လို့ ဆိုပါတယ်။ “သင့်ပတ်ဝန်းကျင်က အရာဝတ္ထုတွေကို သင့်စိတ်နဲ့ပဲ ထိန်းချုပ်နေတဲ့ ဖြစ်ရပ်တစ်ခုကို တွေးတောကြည့်ပါ။ သင့်အိမ်မှာရှိတဲ့ ပစ္စည်းတွေကို သင့်ဦးနှောက်လှိုင်းများကိုသာ အသုံးပြုပြီး လုပ်ဆောင်နေပါလိမ့်မယ်။ သင်ဟာ သင့်ရဲ့ အသိမိတ်ဆွေတွေနဲ့ ဆက်သွယ်ရာမှာလဲ သင့်ဦးနှောက်က neural activity များနဲ့သာ လုပ်ဆောင်ပါလိမ့်မယ်” လို့ Sanchez ကပြောကြားပါတယ်။

Sanchez ရဲ့ ပြောစကားများအရ DARPA ဟာ ဒီ neuro နည်းပညာများအပေါ်မှာ အပြင်းအထန်ကြိုးစားနေတယ်လို့ သိရပါတယ်။ လက်တွေ့မှာကို သင့်ဦးနှောက်နဲ့ လက်အတုကို ထိန်းချုပ်လို့ရတဲ့ နည်းပညာပေါ်နေပြီးပဲ မဟုတ်ပါလား။

ပြီးတော့ အဲ့ဒီလက်ကို ထိလိုက်ရင်လဲ ဦးနှောက်က အာရုံခံမိတဲ့ အဆင့်ထိပါ ရောက်နေတာကို တွေ့နိုင်ပါတယ်။ ဒါဟာ DARPA ရဲ့ သိပ္ပံစမ်းသပ်ခန်းတွေထဲကထွက်လာတဲ့ ရလာဒ်တွေပဲဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့အပတ်ထဲမှာတင် ပြသသွားတာဖြစ်ပါတယ်။

အနာဂတ်ဟာ ဒီ့ထက်ကို အများကြီးဖြစ်လာပါလိမ့်မယ်။ သင့်ပတ်ဝန်းကျင်က ပစ္စည်းတွေပါ အဆိုပါ လက်အတုတစ်ချောင်းလို ဖြစ်လာမယ်လို့ DARPA က သိပ္ပံပညာရှင်များက ကတိပေးထားပါတယ်။

ပြီးတော့ တည်ဆောက်မှု ပစ္စည်းတွေနဲ့ပတ်သက်ပြီး DARPA ရဲ့ Defense Science Office က ဒါရိုက်တာ Stefanie Tompkins က ပြောကြားသွားပါသေးတယ်။ သူမက ကျွန်တော်တို့ အသုံးပြုမယ့် ဆောက်လုပ်ရေးပစ္စည်းတွေဟာ အလွန်အမင်းကို ပေါ့ပါးနေပါလိမ့်မယ်။ မိုးမျှော်တိုက်များနဲ့ တံတားများဟာ သံမဏိလိုမာကျောပြီး ကာဗွန်ဖိုင်ဘာလောက် ပေါ့ပါးနေမယ့် အနာဂတ်ကို စဉ်းစားကြည့်ပါ။
ဒါဟာ မော်လီကျူလာ အဆင့်ထိ သူတို့ လုပ်ဆောင်သွားရမယ့် အရာတွေပဲဖြစ်ပါတယ်။

“ကျွန်မတို့ဟာ နောက် နှစ်ပေါင်း ၃၀ ကြာတဲ့အခါမှာ ကျွန်မတို့ ပတ်ဝန်းကျင်မှာရှိနေတဲ့ ပစ္စည်းတွေကို သတိတောင် ထားမိမှာ မဟုတ်တော့ပါဘူး” လို့ သူမက ပြောကြားပါတယ်။ အောက်ပါ ဗီဒီယိုကို ကြည့်ပါ။

DARPA ရဲ့ နည်းပညာပိုင်းဆိုင်ရာဌာနရဲ့ ဒါရိုက်တာဖြစ်သူ အာကာသယာဉ်မှုးဟောင်း Pam Melroy က လဲ “၂၀၄၅ မှာ ကျွန်တော်တို့နဲ့ စက်ပစ္စည်းတွေရဲ့ ဆက်ဆံရေးတွေဟာ အခုနဲ့ လုံးဝတူတော့မှာ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

“ဥပမာအနေနဲ့ သင်ဟာ လေယာဉ်တစ်ခုကို ဆင်းသက်တော့မယ်ဆိုရင် လုပ်ဆောင်ရမယ့် အဆင့်တွေဟာ အများကြီးရှိပါတယ်။navigation ကစလို့ ဂီယာပြောင်းလဲမှုတွေ၊ ဘီးချမှုတွေ အားလုံးကို အဆင့်မှန်မှန်နဲ့ တစ်ဆင့်ချင်း လုပ်ဆောင်ရပါလိမ့်မယ်။ ၂၀၄၅ ခုနှစ်အရောက်မှာတော့ “prepare for landing” လို့ သင့်ပါးစပ်ကပြောလိုက်တာနဲ့ အားလုံးကို အဆင်ပြေပြေလုပ်ဆောင်ပြီးသားဖြစ်သွားပါလိမ့်မယ်။” လို့ သူမက ပြောကြားခဲ့ပါတယ်။

အခုလို နည်းပညာတွေထွန်းကားလာရင်တော့ ပိုင်းလော့တို့ သဘောင်္ကပ္ပတိန်တို့ကို လိုအပ်တော့မှာမဟုတ်ပါဘူး။

ဒီဆောင်းပါးကို Business Insider ကအတိုင်း တိုက်ရိုက်ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။

Comments
Thar Htet Aung
Be my friend

Thar Htet Aung

Blogger at Curiosity
Hey, I’m Thar Htet, founder of Curiosity. I’m a blogger and technical expert(Engineering and Information & Technology) living in Yangon Region, Myanmar (Burma) holding the Bachelor Degree of Engineering. I am a fan of technology, entrepreneurship, and politics. I’m also interested in astronomy and education.
Thar Htet Aung
Be my friend