တွင်းနက်မှ ပဲ့တင်သံများ

သိပ္ပံသတင်းနားစွင့်သူများအားလုံးလိုလို ကြားဖူးကြမှာပါ။ ဒီနှစ်အစောပိုင်းမှာ Laser Interferometer Gravitational-Wave Observatory’s (LIGO) ရဲ့ တွေ့ရှိမှုဟာ အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီကို တိတိကျကျ ထောက်ခံသွားလို့ အားလုံးပဲ လွန်ခဲ့တဲ့နှစ်တစ်ရာက အိုင်းစတိုင်းကို ချီးကျုးခဲ့ကြရပါတယ်။ တွင်းနက်များရဲ့ လှုပ်ခက်မှုကြောင့် အာကာသဟင်းလင်းပြင်မှာ တွန့်လိမ်မှုများဖြစ်ပေါ်နိုင်တယ်ဆိုတဲ့ အချက်ပါပဲ။ အိုင်းစတိုင်းကိုယ်တိုင်ကိုယ်က သူ့ရဲ့ ဒီတွေ့ရှိမှုကို ဘယ်တော့မှ လက်တွေ့ တွေ့နိုင်မှာမဟုတ်ဘူးလို့ပြောခဲ့ပေမယ့် LIGO က တွေ့ရှိသွားခဲ့ပါတယ်။ ဒါပေမယ့် အခုဒီတွေ့ရှိမှုဟာ အိုင်းစတိုင်းသီအိုရီထဲက တွင်းနက်များရဲ့ အစွန်းမှာ ဘာမှရှိမနေနိုင်ဘူးဆိုတဲ့အချက်ကို စိန်ခေါ်နေပါပြီ။

တော်တော်များများသိထားတဲ့အတိုင်းပဲ အိုင်းစတိုင်းရဲ့ သီအိုရီဟာ တွင်းနက်အထဲ အလယ်ဗဟိုမှာ အကျုံးမဝင်တော့ဘူးလို့ ရူပဗေဒပညာရှင်များက ယူဆကြပါတယ်။ အခုတော့ ဗဟိုတင်မဟုတ်တော့ပါဘူး။ တွင်းနက်အစွန်း ဘောင်မှာ တင် အကျုံးမဝင်နိုင်တော့တာကို တွေ့ရပါတယ်။

အိုင်းစတိုင်းရဲ့ သီအိုရီက တွင်းနက်များရဲ့ အစွန်းမှာ ဘာမှ ရှိမနေနိုင်ဘူးလို့ ပြောကြားထားပါတယ်။ ဒီအချက်ဟာ အခြား ရူပဗေဒ ဧရာမကြီးတစ်ခုဖြစ်တဲ့ ကွမ်တမ်သီအိုရီနဲ့ ဆန့်ကျင်နေပါတယ်။ ကွမ်တမ်သီအိုရီအရ တွင်းနက်ရဲ့ ဘေးဘောင်မှာ firewall လို့ခေါ်တဲ့ စွမ်းအားမြင့်အမှုန်ကွင်းတစ်ခု ရှိနေတယ်လို့ ဆိုပါတယ်။

ကနေဒါနိုင်ငံ ဝါတာလူးတက္ကသိုလ်က Niayesh Afshordi ဦးဆောင်ပြီးတော့ ဒီလေ့လာမှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ တွင်းနက်တွေရဲ့ အစွန်းမှာ တစ်ခုခုရှိနေတယ်လို့ ယူဆပြီး တွင်းနက်နှစ်ခု ပေါင်းစပ်တဲ့ စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ သချင်္ာနည်းအရ ဖြစ်ပါတယ်။ ဒီကရရှိလာတဲ့ အဖြေတွေဟာ LIGO က ရရှိလာတဲ့ အချက်အလက်တွေနဲ့ ပြီးပြည့်စုံစွာ ထပ်တူသွားကျနေတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် တွင်းနက်များရဲ့ အစွန်းမှာ တစ်ခုခုရှိနေနိုင်တယ်လို့ ယူဆရပါတော့မယ်။

LIGO ရဲ့တွေ့ရှိမှုဟာ သိပ္ပံမှတ်တိုင်တစ်ခု စိုက်ထူတော့မယ်လို့ ပြောနိုင်ပါတယ်။ ဒီ LIGO က ရရှိခဲ့တာတွေဟာ အမြဲတွေ့ရမယ့် အချက်အလက်တွေဟာ random noise တွေပဲလားဆိုတာကတော့ လေ့လာမှုတွေ ထပ်ပြီး ပြုလုပ်သွားဖို့ လိုပါတယ်။

စကြဝဠာကြီးဟာ ဒီနေ့မှာ အတည်ပြုထားတဲ့ သီအိုရီတွေကို မနက်ဖြန်ရောက်တော့ ဖျက်စီးပစ်နေတာဟာ ကျွန်တော်တို့ သိပ္ပံလောကအတွက်ကတော့ မထူးဆန်းတော့ဘူးဖြစ်ပါတယ်။ စကြဝဠာကြီးဟာ အလွန်နက်နဲပါတယ်။ သီအိုရီများ ရောက်လာတယ်။ ထွက်ခွာတယ်။ သိပ္ပံမှတ်တိုင်မှာ အအောင်မြင်ဆုံးဖြစ်တဲ့ အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီတောင် စိန်ခေါ်ခံနေရတာကိုသာ ကြည့်ပါတော့။

References: Nature, arXiv

Comments
Thar Htet Aung
Be my friend

Thar Htet Aung

Blogger at Curiosity
Hey, I’m Thar Htet, founder of Curiosity. I’m a blogger and technical expert(Engineering and Information & Technology) living in Yangon Region, Myanmar (Burma) holding the Bachelor Degree of Engineering. I am a fan of technology, entrepreneurship, and politics. I’m also interested in astronomy and education.
Thar Htet Aung
Be my friend