ဒိုင်နိုဆော ဆိုတာ ကမ္ဘာရဲ့ အတိတ်ကာလတုန်းက နေထိုင်ခဲ့တဲ့ တိရစ္ဆာန်ကြီးတွေဖြစ်ကြောင်း သိပ္ပံနဲ့ဖြစ်စေ၊ ကျောက်ဖြစ်ရုပ်ကြွင်းတွေနဲ့ ဖြစ်စေ ရင်းနှီးဖူးသူတိုင်း သိမယ်ထင်ပါတယ်။ ဒိုင်နိုဆောတွေကို ၁၉ရာစုအကုန်ပိုင်းမှာ စတင်တွေ့ရှိခဲ့တယ်။ ပထမဆုံး တွေ့ခဲ့တဲ့ ဒိုင်နိုဆောကတော့ အီဂွာနိုဒွန် ခေါ်တဲ့ အမျိုးအစားရဲ့ လက်မကြီးပါ။ အီဂွာနိုဒွန် (Iguanodon) ဆိုတာ ‘အီဂွာနာပုတ်သင်ရဲ့သွား’ (Iguana’s tooth) လို့ အဓိပ္ပာယ်ရတယ်။ အဲဒီ့တုန်းက ပုတ်သင် သို့မဟုတ် တွားသွားသတ္တဝါ တစ်မျိုးရဲ့ သွားဖြစ်မယ်လို့ ထင်ခဲ့တာပါ။ နောက်မှ အရိုးရုပ်ကြွင်းစုကြီး တစ်ခုလုံးရတော့မှသာ လက်မဖြစ်ကြောင်း သိရတာပါ။ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်တွေကိုယ်တိုင် စမ်းတဝါးဝါး စသိမြင်ခဲ့၊ အံ့သြခဲ့ရတဲ့ ရှေးဦးတိရစ္ဆာန်ကြီးတွေအကြောင်းကို မီဒီယာတွေ၊ စာအုပ်တွေမှာ ကျယ်ပြန့်စွာ ရေးသားတင်ပြကြပါတယ်။ ကျွန်တော်တို့ ဖတ်ရှုထားတဲ့ ဒိုင်နိုဆောတွေအကြောင်း ကျွန်တော်တို့ ဖတ်မှတ်ပြီး ပြုလုပ်ထားတဲ့ ကောက်ချက်ချမှုတွေ ဘယ်လောက် မှန်သလဲ၊ ဘာတွေ မှားလေ့ရှိသလဲ လေ့လာကြည့်ရအောင်။

လွဲမှားယူဆချက် (၁) ဒိုင်နိုဆောတွေက ကျရှုံးမှုနဲ့ မျိုးပြုန်းမှုကို ပြသတယ်

ဒိုင်နိုဆောတွေက လွန်ခဲ့တဲ့နှစ်သန်း ၆၅.၅သန်းလောက်မှာ ဥက္ကာခဲကြီး တစ်ခု ကျရောက်လာလို့ မျိုးတုံးသွားတယ်လို့ လူသိများတယ်။ အမှန်တကယ်တော့ ဒိုင်နိုဆောတွေက မျိုးနွယ်တစ်ခုရဲ့ အောင်မြင်ခြင်းနဲ့ ဆီလျော်ပြုပြင်ခြင်းတွေရဲ့ အကောင်းဆုံး သာဓကတွေပါ။ သူတို့ဟာ အခြား ဘယ်ကုန်းနေ တိရစ္ဆာန်ထက်မဆို ကမ္ဘာကို အချိန်အကြာကြီးစိုးမိုးခဲ့တယ်။ (နှစ်သန်း၁၅ဝတောင်မှပါ) ဒါပေမယ့် သူတို့က မျိုးပြုန်းသွားတယ် ဆိုတာထက် ငှက်မျိုးနွယ်အသစ်ကို မွေးဖွားပေးလိုက်တယ်လို့ ပြောရင် ပိုမှန်မှာပါ။ သင့်အိမ်နောက်ဖေးမှာ တကျီကျီ အော်မြည်နေတဲ့ ခြေနှစ်ချောင်းထောက် ငှက်တွေကို ကြည့်ရင် ခြေနှစ်ချောင်းထောက်တဲ့ ကမ္ဘာဦး ဒိုင်နိုဆောတွေကို သင်သတိရကောင်းရမှာပါ။ ယနေ့အချိန်အထိကို ဒိုင်နိုဆောရဲ့ အငွေ့အသက်ကို ရှုရှိုက်နိုင်ပါသေးတယ်။

image199
ပုံ – အမေရိကန်ပြည်ထောင်စုရှိ ဖန်ဆင်းခြင်း ပြတိုက် (Creation Museum) မှ ပြကွက်တစ်ခု။

လွဲမှားယူဆချက် (၂) ဒိုင်နိုဆောနဲ့လူက ခေတ်ပြိုင် နေထိုင်ခဲ့ကြတယ်

ဒိုင်နိုဆောနဲ့ လူတွေ ခေတ်ပြိုင် အတူတကွ နေထိုင်ကြတယ် ဆိုတာက စာအုပ်တွေထဲမှာ၊ ရုပ်ရှင်တွေထဲမှာပါ ရှိတာပါ။ ငှက်မဟုတ်တဲ့ ကျန်သော ဒိုင်နိုဆောတွေ အားလုံးက လွန်ခဲ့တဲ့ နှစ်သန်း၆၅.၅သန်းမှာ ကွယ်ပျောက်သွားပြီးပါပြီ။ အဲဒီ့ သက်တမ်းထက် ပိုနုတဲ့ ဒိုင်နိုဆောရုပ်ကြွင်းကို မတွေ့ရတော့ပါဘူး။ လူသားတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကတော့ အစောဆုံး လွန်ခဲ့တဲ့နှစ်၆သန်းခန့်က ဖြစ်တယ်။

image199
ပုံ – အမေရိကန်ပြည်ထောင်စုရှိ ဖန်ဆင်းခြင်း ပြတိုက် (Creation Museum) မှ ပြကွက်တစ်ခု။

လွဲမှားယူဆချက် (၃) ဒိုင်နိုဆောတွေက သွေးအေးသတ္တဝါဖြစ်တယ်။

သွေးအေးသတ္တဝါဆိုတာ ဆိုတဲ့ စကားလုံးနဲ့ ရင်းနှီးကျွမ်းဝင်ဖူးမှာပါ။ ပတ်ဝန်းကျင်အပူချိန်အပေါ် မမှီခိုပဲ ကိုယ်တိုင် အပူထုတ်လုပ်ပြီး ခန္ဓာကိုယ်အပူချိန်ကို တသတ်မှတ်တည်း ထိန်းညှိနိုင်တဲ့ သတ္တဝါကို သွေးနွေးသတ္တဝါလို့ခေါ်ပါတယ်။ ယနေ့ခေတ် ငှက်နဲ့ နို့တိုက်သတ္တဝါတွေက သွေးနွေးသတ္တဝါတွေပါ။ အဲဒီလို ကိုယ်တိုင် အပူမထုတ်လုပ်နိုင်ရင်တော့ ပတ်ဝန်းကျင် အေးရင် (အထူးသဖြင့် နေရောင်မရှိတဲ့ ညဖက်မျိုးပေါ့)ခန္ဓာကိုယ်က အေးစက်သွားတဲ့ သတ္တဝါမျိုးကိုတော့ သွေးအေးသတ္တဝါလို့ ခေါ်တယ်။

းနွေးသတ္တဝါ မဟုတ်တဲ့ ကျန်တဲ့ သတ္တဝါ အားလုံးနီးပါးက သွေးအေးသတ္တဝါတွေပေါ့။ ဒီအထဲမှာ ပုတ်သင်လို တွားသွားသတ္တဝါတွေလည်း ပါဝင်နေပါတယ်။ ဒိုင်နိုဆောတွေက တွားသွားသတ္တဝါ တစ်မျိုးဖြစ်တာကြောင့် သွေးအေးသတ္တဝါလို့ ကျွန်တော်တို့ ယူဆခဲ့နိုင်တယ်။ ဒါပေမယ့် ယနေ့အခါမှာတော့ ဒိုင်နိုဆောတွေက သွေးအေးသတ္တဝါလည်း မဟုတ်၊ သွေးနွေးသတ္တဝါလည်း မဟုတ်ပဲ၊ ကပ်သီးကပ်ဖဲ့ပြောရရင် ငွေ့ငွေ့လေး နွေးမယ့် သွေး’ကြက်သီးနွေး’သတ္တဝါ (‘Luke’warmblooded) လို့ ပြောလို့ရတယ်။ ဒီအမျိုးအစားမှာဆိုရင် သွေးနွေးသတ္တဝါနဲ့ သွေးအေးသတ္တဝါတွေမှာ ရှိတဲ့ ဇီဝကမ္မဖြစ်ပျက်နှုန်းနဲ့ ကြီးထွားနှုန်းတွေရဲဲ့ ကြားအဆင့်ကို ပိုင်ဆိုင်ကြတယ်။ ယနေ့ခေတ်မှာဆိုရင် ဒီအမျိုးအစားက ရှားပါးသွားပြီ။ တူနာငါး၊ ဆူးထူပုရွက်စားကောင်နဲ့ ငါးမန်းဖြူတွေဟာ သွေးကြက်သီးနွေးသတ္တဝါတွေ ဖြစ်ကြတယ်။ သွေးကြက်သီးနွေးသတ္တဝါဖြစ်ခြင်းကြောင့် အခြားနားလည်မှုအလွဲတွေ ပေါ်ပေါက်လာရပါတယ်။ ဒါတွေကို အောက်မှာ ဆက်ကြည့်ရအောင်ပါ။image199

လွဲမှားယူဆချက် (၄) ဒိုင်နိုဆောတွေက နှေးကွေးလေးလံတဲ့ တိရစ္ဆာန်ကြီးတွေပါ

အစောပိုင်း ရှေးဦးသက်ရှိပညာရှင်တွေက ဒိုင်နိုဆောတွေဟာ နှေးကွေးလေးလံတဲ့အတွက် ငှက်နဲ့ နို့တိုက်သတ္တဝါတွေကို မယှဉ်ပြိုင်နိုင်ပဲ တဖြည်းဖြည်း တိမ်ကောသွားရတယ်လို့ မှားယွင်းယူဆခဲ့ဖူးတယ်။ ယနေ့ခေတ် လေ့လာချက်တွေအရ အမြီးကို တရွတ်ဆွဲသွားနေမယ့် အပျင်းထူတဲ့ တိရစ္ဆာန်ကြီးတွေအဖြစ် ပုံမဖော်တော့ပါဘူး။

၂ဝဝဝပြည့်နှစ်တုန်းက အမေရိကန်ပြည်ထောင်စု၊ ဒါကိုတာပြည်နယ်တောင်ပိုင်းက ရှေးဦးမြစ်ကြမ်းပြင်ဟောင်း တစ်ခုကနေ တွေ့ရတဲ့ ဒိုင်နိုဆောရုပ်ကြွင်းဟာ ကောင်းစွာ ကျောက်ဖြစ်ကျန်ရစ်တဲ့အတွက် နှလုံးဟာ အခန်းလေးခန်းပါကြောင်း ကောက်ချက်ချနိုင်ပါတယ်။ ဒါကြောင့် ဒိုင်နိုဆောတွေဟာ ယနေ့ခေတ် ငှက်တွေလို ဖျတ်လတ်နိုးကြားတဲ့ တိရစ္ဆာန်တွေ ဖြစ်ကြောင်း ညွှန်းဆိုနေပါတယ်။ အောက်ကပုံမှာဆိုရင် ဝဲဖက်က ခေတ်ဟောင်းပန်းချီမှာ ဒိုင်နိုဆောကို အမြီးတရွတ်ဆွဲနေတဲ့ပုံနဲ့ သရုပ်ဖော်ထားတယ်။

image199
ပုံ – ယာဖက်က 3D ပန်းချီမှာတော့ အမြီးနဲ့ ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းဖို့ ဖျတ်လတ်စွာ မြေပြင်ပေါ်မှာ ကြွထားတာကို တွေ့နိုင်တယ်။

လွဲမှားယူဆချက် (၅) ဒိုင်နိုဆောတွေမှာ အစိမ်းရောင် မြွေအကြေးခွံမျိုးရှိတယ်

ဟောလီးဝုဒ် ရုပ်ရှင်တွေထဲမှာ ဒိုင်နိုဆောတွေကို အစိမ်းရောင်နဲ့ တွားသွားသတ္တဝါ အကြေးခွံမျိုးရှိတဲ့ တိရစ္ဆာန်မျိုးအဖြစ် အစဉ်အမြဲ ပုံဖော်လေ့ရှိတယ်။ ဒါပေမယ့် အကြေးခွံပါတဲ့ ဒိုင်နိုဆောတွေမှာတောင် အနီရောင် သို့မဟုတ် လိမ္မော်ရောင်လို အရောင်တောက်တောက်တွေ ရှိကောင်းရှိနေနိုင်တယ်။ ဒါပေမယ့် ဒါတွေကလည်း စိတ်ကူးမှန်းဆချက်တွေပါ။ စင်စစ်မှာတော့ ဒိုင်နိုဆောက ဘာအရောင်တွေရှိလဲ မပြောနိုင်ပါဘူး။ သို့ပေမယ့် အသားစား ဒိုင်နိုဆောတွေမှာတော့ အနည်းဆုံး သူတို့ ဘဝအစိတ်အပိုင်းတစ်ခုမှာတော့ အမွေးအတောင်တွေနဲ့ ဖုံးအုပ်ထားတယ်ဆိုတာ ငြင်းလို့မရတဲ့ ရုပ်ကြွင်းအထောက်အထား တွေရှိပါတယ်။ သွေးကြက်သီးနွေးသတ္တဝါဖြစ်ကြောင်းကို ဒီအချက်ကလည်း ထောက်ခံနေပြန် ပါသေးတယ်။

image199

လွဲမှားယူဆချက် (၆) ဒိုင်နိုဆောဆိုတိုင်း ရှေးကျတဲ့ တွားသွားသတ္တဝါကြီးတွေကို ဆိုလိုတယ်

ဒိုင်နိုဆော ဆိုတဲ့ စကားလုံးကို သိပ်ရင်းနှီးကျွမ်းဝင်လေ့ ရှိပေမယ့်၊ မျိုးခွဲပညာရဲ့ ပညာရပ်ဆိုင်ရာ ဝေါဟာရ တစ်ခုပါ။ မျိုးခွဲပညာအရ ဒိုင်နိုဆောရီးယား (Dinosauria) လို့အမည်ပေးထားတဲ့ မျိုးနွယ်ထဲမှာ သူတို့ရဲ့ ဆင့်ကဲပြောင်းလဲမှုဆိုင်ရာ သမိုင်းကြောင်းအရ တူညီတဲ့ လက္ခဏာရပ်တွေ ပါရှိတဲ့ တိရစ္ဆာန်တွေကို စုစည်းထားပါတယ်။ ဒါပေမယ့် အတောင်ပံပါတဲ့ တွားသွားသတ္တဝါကြီးတွေဖြစ်တဲ့ တယ်ရိုဆော (Pterosaur)တွေ၊ လည်ပင်းရှည်နဲ့ ရေယက်ကြီးတွေပါတဲ့ အဏ္ဏဝါတွားသွားသတ္တဝါကြီးတွေကိုတော့ ဒိုင်နိုဆောမျိုးနွယ်ထဲ ထည့်လို့မရပါဘူး။ ကျောက်ဖြစ်ရုပ်ကြွင်းတွေရဲ့ အသေးစိတ်လက္ခဏာတွေက သက်သေတည်ပါတယ်။

image199

လွဲမှားယူဆချက် (၇) ဒိုင်နိုဆောဟာ တစ်မျိုးတည်းသော ရှေးကျပြီး ကြီးမားတဲ့ ကုန်းနေ တွားသွား သတ္တဝါတွေ ဖြစ်တယ်။

ဒီအပြင် ရှေးကျပြီး ကြီးမားတဲ့ ကုန်းနေတွားသွားသတ္တဝါတိုင်းကိုလည်း ဒိုင်နိုဆောလို့ မခေါ်နိုင်ပြန်ဘူး။ ဒိုင်နိုဆောတွေ မပေါ်ပေါက်ခင်တုန်းက ကြီးမားထွားကျိုင်းတဲ့ ဒိုင်မက်ထရိုဒွန် (Dimetrodon) လို ဆူးတောင်ကြီးတွေနဲ့ တွားသွားသားရဲကြီးတွေ ရှိသလို၊ ကုန်းပေါ်မှာ ကျင်လည်ကျက်စားတဲ့ ကမ္ဘာဦး မိကျောင်းကြီးတွေလည်း ရှိတယ်။ ဒိုင်နိုဆောဆိုတာ ရှေးဦးတိရစ္ဆာန်ကြီးတွေထဲကနေ မီဒီယာတွေက ရွေးချယ်ပြီး ပေါ်ပြူလာ အလုပ်ခံရတဲ့ မျိုးနွယ်တစ်ခုတည်းပါ။ အမှန်တော့ ကမ္ဘာရဲ့ ရှေးဦးသက်ရှိ သမိုင်းကြောင်းဆိုတာ ဒိုင်နိုဆောအကြောင်းထက် အဆပေါင်းမြောက်များစွာ ပိုမိုကျယ်ပြန့်ပါတယ်။ အောက်ကပုံကတော့ ဒိုင်နိုဆောတွေ မပေါ်ပေါက်သေးတဲ့အချိန်၊ လွန်ခဲ့တဲ့နှစ်သန်း ၃ဝဝလောက်က ရှိခဲ့တဲ့ တွားသွားသတ္တဝါ သားရဲကြီး ဒိုင်မက်ထရိုဒွန်ဖြစ်တယ်။

image199

လွဲမှားယူဆချက် (၈) ဒိုင်နိုဆောတွေ အားလုံးကို ဥက္ကာခဲတိုက်ခိုက်မှုကြီး တစ်ခုက သတ်ပစ် လိုက်တယ်

ပညာပေး ရုပ်ရှင်တွေထဲမှာ အာကာသထဲက ဥက္ကာခဲကြီး ကျလာပြီး ဒိုင်နိုဆောတွေအားလုံးကို မီးလောင်တိုက်သွင်း ပစ်လိုက်လို့ အကုန်သေကုန်ရကြောင်း ဖော်ပြထားလေ့ရှိတယ်။ တကယ့်ဖြစ်ရပ်မှန် မှာတော့ အဲဒီလောက် ပြဇာတ်မဆန်လှပါဘူး။ အဲဒီ့အချိန်တုန်းက အိန္ဒိယတိုက်ငယ်မှာ မီးတောင်ပေါက်ကွဲမှုတွေဖြစ်တယ်။ ရိုးရိုးမီးတောင်ပေါက်ကွဲမှု မဟုတ်ပဲ ချော်ပြင်ကြီးတွေဖြစ်စေတာပါ။ အဲဒါကို ဒက်ကန်ချော်ပြင် (Deccan Traps) လို့ခေါ်ပါတယ်။ နှစ်ပေါင်းများစွာ တငွေ့ငွေ့ရှိတဲ့ မီးတောင်ပေါက်ကွဲမှုကြောင့် ရာသီဥတုပြောင်းလဲမှုတွေ ဖြစ်နေပြီး၊ ကမ္ဘာတစ်ခုလုံးက ဂေဟစနစ်တွေ ချည့်နဲ့နေတဲ့အချိန်ဖြစ်တယ်။ ဒီအချိန်မှာ မက်ဆီကိုပင်လယ်ကွေ့ထဲကို ဥက္ကာခဲကြီး ကျလာခြင်းက ဂေဟစနစ်တွေရဲ့ နောက်ဆုံးထွက်သက်ကို ခွင့်ပေးလိုက်တဲ့ သဘောမျိုးပေါ့။ ဂေဟစနစ်တွေ ပျက်ယွင်းတဲ့အတွက် အာဟာရ အလွန်လိုအပ်တဲ့ တွားသွားသတ္တဝါကြီးတွေက ပျက်သုဉ်းသွားတာပါ။ ဒီအချိန်မှာ မြေပြင်နေငှက်တွေက အသားစား ဒိုင်နိုဆောတွေရဲ့ နေရာကို အစားထိုးလျက် ရှိနေပြီးဖြစ်တယ်။ ဒိုင်နိုဆောတွေ ကွယ်ပျောက်ပြီး ကာလအတော်ကြာအောင် ငှက်ဘီလူး (Terror Bird) ခေါ်တဲ့ သားစားငှက်ကြီးတွေကို တွေ့ရနိုင်သေးတယ်။ အရမ်းငြင်းခုံချင်ရင်တော့ သူတို့ကိုပဲ ‘ဒိုင်နိုဆော’လို့ ပြောကောင်းပြောနိုင်သေးရဲ့။image199

လွဲမှားယူဆချက် (၉) နို့တိုက်သတ္တဝါတွေက ဒိုင်နိုဆောတွေ သေပြီးတော့မှ ပေါ်ပေါက်လာကြတာ

ရုပ်မြင်သံကြား အစီအစဉ်တွေထဲမှာ ဒိုင်နိုဆောတွေ ဥက္ကာခဲကျလို့ သေသွားပြီး ကျန်ခဲ့တဲ့ ဒိုင်နိုဆော အရိုးကြီးတွေကို ကြွက်လို အကောင်လေးတွေက စပ်စုကြတဲ့ ပြကွက်မျိုးကို မြင်ဖူးမှာပါ။ အမှန်ကတော့ နို့တိုက်သတ္တဝါတွေက ဒိုင်နိုဆောတွေ သေသွားတော့မှ ပေါ်ပေါက်လာတာ၊ သို့မဟုတ် ဒိုင်နိုဆောတွေ ကွယ်ပျောက်ခါနီးမှ ပေါ်ပေါက်လာတာ မဟုတ်ပါဘူး။

အမှန်မှာတော့ နို့တိုက်သတ္တဝါတွေရဲ့ ရှေ့ပြေးတိရစ္ဆာန်တွေဟာ ဒိုင်နိုဆောတွေ မပေါ်ပေါက်ခင်တုန်းက သိပ်ကိုကြီးမားအောင်မြင်ခဲ့တဲ့ သီရပ်ဆစ် (Therapsid) ခေါ်တဲ့ တိရစ္တာန်တွေပါပဲ။ ဒါပေမယ့် သူတို့လည်း ဒိုင်နိုဆောတွေလိုပဲ မျိုးပြုန်းမှုကြီး တစ်ခုမှာ ပျက်စီးသွားတယ်။ သူတို့ထဲက မျိုးဆက်အနည်းငယ်သာ ကျန်ရစ်တယ်။ သီရပ်ဆစ်မျိုးနွယ်ရဲ့ အဲဒီ့ကျန်ရစ်သမျှမျိုးဆက်တွေကနေ လွန်ခဲ့တဲ့နှစ်သန်း ၂၂ဝလောက်မှာ နို့တိုက်သတ္တဝါတူ တွားသွားသတ္တဝါ (Mammal-like Reptile) လို့ ကျွန်တော်တို့ ယေဘုယျ ခေါ်ဆိုတဲ့ မျိုးဆက်တွေ ပေါ်ပေါက်လာတယ်။ လွန်ခဲ့တဲ့နှစ်သန်း ၁၂ဝလောက်မှာတော့ အဲဒီ့ နို့တိုက်သတ္တဝါတူ တွားသွားသတ္တဝါတွေကနေ နို့တိုက်သတ္တဝါရဲ့ လက္ခဏာရပ်တွေ ပြည့်စုံတဲ့ တကယ့် နို့တိုက်သတ္တဝါအစစ်တွေ မျိုးကွဲထွက်လာတော့တယ်။ ဒိုင်နိုဆောတွေက လွန်ခဲ့တဲ့နှစ်သန်း ၆၅.၅သန်းမှ မျိုးတုံးတာ ဖြစ်လို့၊ နို့တိုက်သတ္တဝါနဲ့ ဒိုင်နိုဆောက အနည်းဆုံး နှစ်သန်း ၅ဝလောက် ခေတ်ပြိုင်နေထိုင်ခဲ့ကြတာပါ။

image199

လွဲမှားယူဆချက် (၁ဝ) ဒိုင်နိုဆောတွေနဲ့ ခေတ်ပြိုင်နေတဲ့ နို့တိုက်သတ္တဝါတွေက ညဖက်မှသာ အစာရှာထွက်ပြီး ဒိုင်နိုဆောတွေ စားမှာ ကြောက်နေရတယ်

ဒါကလည်း နှစ်သန်း ၂ဝဝနီးပါးရှိတဲ့ သက်လယ်ကပ် ကာလတစ်ခုလုံးကို ပြဇာတ်ဆန်ဆန် ပုံဖော်ထားတာ သက်သက်ပါပဲ။ နို့တိုက်သတ္တဝါအများစုက အရွယ်သေးငယ်တာ မှန်ပါတယ်။ ဒါပေမယ့် ဒိုင်နိုဆောကြီးတွေနဲ့ နှိုင်းယှဉ်ရင်သာ အရွယ်သေးငယ်တာပါ။ အချို့အခြေအနေတွေမှာ နို့တိုက်သတ္တဝါက ဒိုင်နိုဆောကို စားချင်စားမှာပဲ။ နို့တိုက်သတ္တဝါကလည်း ဒိုင်နိုဆောရဲ့ သားကောင် ဖြစ်နိုင်တာပဲ။ အဓိက ဆုံးဖြတ်မှာကတော့ မုဆိုးနဲ့ သားကောင်ရဲ့ ခုခံတိုက်ခိုက်နိုင်စွမ်း၊ အရွယ်အစားနဲ့ ဆာလောင် မွတ်သိပ်စိတ်ပဲပေါ့။ ဒါပေမယ့် သက်လယ်ကပ်ရဲ့ ဂေဟစနစ် ပတ်ဝန်းကျင်ကို သင်ရောက်သွားရင်တော့ နို့တိုက်သတ္တဝါတွေက မထင်မရှား ခပ်သေးသေးပဲ ဖြစ်နေလိမ့်မှာကတော့ အမှန်ပါ။

image199
ပုံ – (ဝဲဖက်) ကနဦးနို့တိုက်သတ္တဝါ ရှေ့ပြေးမျိုးနွယ် ဟက်ဒရိုကော့ဒီယမ် (Hadrocodium) နှင့် (ယာဖက်) ရှေးဦး သားပိုက်နို့တိုက်သတ္တဝါ ဆိုင်နိုဒဲလ်ဖစ် (Sinodelphys)

Kyaw Zwar Lynn

20/11/2014

Reference –

Smithsonian National Museum of Natural History – http://paleobiology.si.edu/dinosaurs/info/misconceptions/

B.Switek. ’10 Dinosaur Myths That Need To Go Extinct’. (2013). Available: http://www.tor.com/blogs/2013/03/10-dinosaur-myths-that-need-to-go-extinct . [Accessed: 18, November 2014].

Listverse Staff. ‘Top 10 Myths About Dinosaurs’. (2007). Available: http://listverse.com/2007/11/02/top-10-myths-about-dinosaurs . [Accessed: 18, November 2014].

B.Strauss. ’10 Myths About Dinosaurs’. (2015). Available: https://www.thoughtco.com/myths-about-dinosaurs-1091956 . [Accessed: 18, November 2014].

Comments

Kyaw Zwar Lynn

Kyaw Zwar Lynn is a medical doctor & self-employed science writer as his sideline. He usually writes about life science topics like General Biology and Medicine, with some heavy touches on Paleontology and Biochemistry too. Please visit and subscribe to his personal WordPress too, if you like his works. You can also contact him on facebook.