နက္ခတ္တဗေဒပညာရှင်တွေက နေစနစ်ပြင်ပက ဂြိုဟ်တွေကို လေ့လာနေကြတာ ဆယ်စုနှစ်ချီပါပြီ။ ၂ဝ၁၇ ဖေဖော်ဝါရီလအတွက်ဆိုရင် နေစနစ်ပြင်ပဂြိုဟ်ပေါင်း ၃၆ဝဝ နီးပါး မှတ်တမ်းတင်နိုင်ခဲ့တယ်။ ဒီစာရင်းကလည်း တိုးပွားနေဦးမှာပါ။ ၂ဝ၁၅ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ ကျွန်တော်တို့ နေစနစ်အတွက် မနာလိုစရာ ကောင်းလောက်အောင် ထူးခြားတဲ့ ကြယ်စနစ်တစ်ခုကို တွေ့ထားပါတယ်။ အဆိုပါ ကြယ်စနစ်ရဲ့ ဗဟိုချက်မှာ ရှိနေတာကတော့၊ Trappist-1 လို့ နာမည်ပေးထားတဲ့ ကြယ်နီပု (Red Dwarf Star) ဖြစ်ပြီး၊ ကျွန်တော်တို့ဆီကနေ အလင်းနှစ် ၃၉နှစ် သာဝေးပါတယ်။ Trappist-1 က ဘာကြောင့် ထူးခြားသလဲဆိုတော့၊ သူ့ကို လှည့်ပတ်နေတဲ့ ကမ္ဘာဂြိုဟ်အရွယ် ကျောက်စိုင်ကျောက်သား ဂြိုဟ် ခုနစ်လုံး ရှိနေလို့ပဲ ဖြစ်ပါတယ်။
Trappist-1 ကို ကြယ်ဝန်းဖြတ် ဂြိုဟ်နှင့်ဂြိုဟ်သိမ် ရှာရန် နက္ခတ်မှန်ပြောင်းငယ် (Transiting Planets & Planetismal Small Telescope – TRAPPIST) နက္ခတ်ကြည့်စခန်းက ပထမဦးဆုံး ရှာတွေ့တဲ့ နေစနစ်ပြင်ပဂြိုဟ်ရှိတဲ့ ကြယ်စနစ်ဖြစ်လို့ Trappist-1 လို့ နာမည်ပေးလိုက်တာပါ။ Trappist-1 စနစ်ကို တွေ့ရှိမှုကြောင့် နက္ခတ္တဗေဒပညာရှင်တွေ၊ အာကာသ စိတ်ဝင်စားတဲ့သူတွေ၊ ကမ္ဘာပြင်ပသက်ရှိ ရှာဖွေသူတွေအတွက် လှုပ်လှုပ်သဲသဲ ဖြစ်သွားစေရတဲ့ နောက်ထပ် အကြောင်းထူးတွေ ရှိပါသေးတယ်။ ယခုနောက်ဆုံး ဆယ်စုနှစ်အတွင်းမှာတင်၊ နေစနစ်ကဲ့သို့ ဂြိုဟ်စနစ်တွေ မြောက်များစွာ ရှာတွေ့ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီ့ဂြိုဟ်စနစ်တစ်ခုမှမျှ၊ ဂြိုဟ် ရလုံး မရှိဖူးပါဘူး။ အဲဒီ့ထဲကမှ၊ ဂြိုဟ်အားလုံးက ကမ္ဘာအရွယ်နဲ့ မတိမ်းမယိမ်းဖြစ်နေပြီး၊ ကျောက်စိုင်ကျောက်ခဲ ဂြိုဟ်တွေချည်း ဖြစ်နေတာကလည်း ထူးခြားနေပြန်ရော။ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတာက၊ Trappist-1 ကြယ်နီပုဟာ တငွေ့ငွေ့နဲ့ ဓာတ်ပြုလောင်ကျွမ်းနေတဲ့ ကြယ်မျိုးဖြစ်တာကြောင့် သက်တမ်းရှည်ကြာခံပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဂလက်ဆီထဲမှာ အပေါများဆုံး ကြယ်အမျိုးအစားလည်း ဖြစ်ပါတယ်။ ဒါကြောင့် Trappist-1 ဂြိုဟ်စနစ်မျိုးကို မကြာခဏ တွေ့ရဖို့ရှိမယ်လို့ သုတေသီတွေက ခန့်မှန်းကြပါတယ်။ ကျွန်တော်တို့ နေစနစ်ကဲ့သို့ ဂြိုဟ်စနစ်မျိုး ရှာဖွေတာကို အရှိန်မြှင့်တင်ဖို့ Trappist-1 ဟာ အဓိက အကြောင်းရင်းလည်း ဖြစ်ပါတယ်။ (Trappist-1 ကြယ်စနစ် တွေ့ရှိမှုနဲ့ ပတ်သက်ပြီး Curiosity Magazine ရဲ့ မူလသတင်းစဉ်ကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။)

ရင်းနှီးသလောက် သူစိမ်းလည်းဆန်

ကျွန်တော်တို့ နေဟာ Trappist-1 ထက် အမျာကြီး ပိုကြီးပေမယ့်၊ ကျွန်တော်တို့ ဂြိုဟ်တွေက မိခင်ကြယ်ကရော၊ အချင်းချင်းကြားမှာပါ တစ်ခုနဲ့တစ်ခု အဝေးကြီး ပြန့်ကျဲတည်ရှိနေတာကြောင့်၊ ခြစ်ခြစ်တောက်ပူပြင်းတဲ့ မာကျူရီဂြိုဟ်မှ၊ အရိုးခိုက်မယ့် လေအေးတွေ လွှမ်းမိုးတဲ့ ယူရေးနပ်စ်ဂြိုဟ်အထိ အခြေအနေတွေက အမျိုးမျိုးရှိနေကြပါတယ်။ Trappist-1 ဂြိုဟ်တွေဟာ အပူချိန် “အလွန်အေး”အဆင့် (Ultracool)ဝင် ကြယ်နီပုကလေးကို ကျဉ်းကျပ်တဲ့ အာကာသအဝန်းအဝိုင်းထဲမှာ စုဝေး လှည့်ပတ် နေကြပါတယ်။ ကြယ်တစ်လုံးနဲ့ အရမ်းနီးတဲ့နေရာမှာ ရေက အငွေ့ဖြစ်နေမယ်။ အရမ်းဝေးတဲ့နေရာမှာ ရေခဲဖြစ်နေမယ်။ မနီးမဝေးနေရာမှာတော့၊ ရေက အရည်အဖြစ်ရှိနေနိုင်ပါတယ်။ အဲဒီ့နေရာကို နက္ခတ္တဗေဒပညာရှင်တွေက Godilocks Zone (ဂေါ့ဒီလော့ခ်စ် နယ်မြေ) (သို့မဟုတ်) သက်ရှိရှင်သန်နိုင်တဲ့ နယ်မြေ (Habitable Zone) လို့ သမုတ်ကြပါတယ်။ Trappist-1 ဂြိုဟ် ခုနစ်လုံးထဲက သုံးလုံးဟာ Godilocks Zone ထဲမှာ ရှိနေကြပါတယ်။ ဒါကြောင့် တချို့နေရာတွေမှာ ရေက အရည်အဖြစ် ရှိနိုင်ပါတယ်။

image199
ပုံ – Trappist-1 ကြယ်စနစ်၏ အရွယ်အစားနှင့် နေစနစ် အတွင်းဂြိုဟ် လေးလုံးတို့၏ ပတ်လမ်းအရွယ်အစားကို နှိုင်းယှဉ်ပြထားပုံ။ Trappist-1 ကြယ်စနစ်တစ်ခုလုံး၏ အရွယ်သည် နေစနစ်၌ အတွင်းအကျဆုံး မာကျူရီဂြိုဟ် ပတ်လမ်းထက်ပင် များစွာ သေးငယ်သည်ကို တွေ့ရပါမည်။
image199
ပုံ – Trappist-1 ဂြိုဟ်များအနက် Trappist-1e, Trappist-1f နှင့် Trappist-1g ဂြိုဟ်သုံးခုသည် Godilocks နယ်မြေထဲ၌ရှိပြီး၊ ဂြိုဟ်မျက်နှာပြင်ပေါ်၌ ရေရှိနိုင်ပါသည်။

လူတွေကတော့ မားစ်ဂြိုဟ်ပေါ်ကို ဆင်းသက်ခြေချနိုင်ဖို့ ကြိုးပမ်းနေကြပါပြီ။ တကယ်လို့ Trappist-1 စနစ်ရှိ ဂြိုဟ်တစ်ခုမှာ အသိဉာဏ်မြင့်တဲ့ သက်ရှိတွေ နေကြမယ်ဆိုရင်၊ ဂြိုဟ်တစ်လုံးကနေ တစ်လုံးကို ဌာနေချဲ့ထွင်ရင် ကျွန်တော်တို့ ကမ္ဘာကနေ အင်္ဂါဂြိုဟ်ကို သွားဖို့ကြိုးစားတာထက်တောင်၊ ပိုလွယ်ကူမြန်ဆန်ပါလိမ့်မယ်။ “ကျွန်တော်တို့ စကြဝဠာ အိမ်နောက်ဖေးမှာတင်၊ ဂြိုဟ်တွေ အများကြီးပါတဲ့ ပြည်ထောင်စုကလေး၊ သို့မဟုတ်၊ ဗဟုဂြိုဟ်အင်ပါယာတစ်ခု အဲဒီ့ ကြယ်စနစ်မှာ ရှိနေနိုင်တယ်ဆိုတာ တွေးကြည့်ဖို့ လွယ်ကူသလို၊ မတွေးပဲတောင် မနေနိုင်ပါဘူး။” လို့ ကမ္ဘာပြင်ပ အသိဉာဏ်ရှိ သက်ရှိ ရှာဖွေရေးအဖွဲ့ (SETI Institute) ရဲ့ director ဖြစ်သူ Seth Shostak က ရေးသားဖူးပါတယ်။
ကျွန်တော်တို့ နေစနစ်ရဲ့ ဂြိုဟ်တွေမှာ ဂျူပီတာဂြိုဟ်ရဲ့ ကျက်သရေရှိသော ရေခဲပြင်ဖုံးလွှမ်းတဲ့ ယူရိုးပါး (Europa) လနဲ့၊ မီးတောင်တွေနဲ့ ဆူညံပွက်လောရိုက်နေတဲ့ အိုင်အို (Io) လတွေ အပါအဝင်၊ လှပတဲ့ အရံလတွေ ရှိကြတယ်။ Trappist-1 ရဲ့ ဂြိုဟ်တွေမှာ အရံလတွေ ရှိမလား၊ ကျွန်တော်တို့လည်း မသိသေးပါဘူး။ ဒါပေမယ့် ရှုခင်းသက်သက်အတွက်တော့၊ အရံလတောင် မလိုပါဘူး။ ကြယ်နီပုလေးကနေ တတိယမြောက် ကျောက်စိုင်ကြီး ပေါ်ကကြည့်ရင် ဒုတိယမြောက်ကျောက်စိုင်ကြီးဟာ ကမ္ဘာကနေ လကို မြင်ရတာရဲ့ အရွယ်နှစ်ဆ မြင်ရပါလိမ့်မယ်။ ပြီးတော့ ကျန်တဲ့ ဂြိုဟ်တွေဟာလည်း ကောင်းကင်မှာ စီတန်းလျက်၊ သိပ္ပံစိတ်ကူးယဉ် ဝတ္ထုဆရာတောင်တောင် စိတ်မကူးဖူးတဲ့ မိုးကောင်းကင် ပန်းချီကားတစ်ချပ်လို ဖြစ်နေပါလိမ့်မယ်။
ဒါပေမယ့် ဒီရှုခင်းကို မြင်ရဖို့ အထူးပြုလုပ်ထားတဲ့ မျက်မှန်တွေ တပ်မှ ရပါလိမ့်မယ်။ Trappist-1 လို အလွန်အေးသော ကြယ်နီပုတွေက ထုတ်လွှတ်တဲ့ အလင်းရောင် အများစုဟာ အနီအောက် ရောင်ခြည်ဖြစ်ပါတယ်။ ကျွန်တော်တို့ မျက်လုံးတွေက အနီအောက်ရောင်ခြည် မမြင်ရပါဘူး။ ဒီတော့ လောကကြီးက အများအားဖြင့် ခပ်မှောင်မှောင် ဖြစ်နေမှာပဲ။ အလင်းရောင်သုံး အစာချက်တဲ့ သက်ရှိတွေ ရှိရင်တောင်၊ သစ်ရွက်တွေက အမဲရောင်ဖြစ်နေလိမ့်မယ်။ အဆိုပါဂြိုဟ်မှာ ရှိနိုင်မယ့် သက်ရှိဆိုရင်လည်း၊ ကမ္ဘာပေါ်က မြွေတွေလိုမျိုး၊ အနီအောက်ရောင်ခြည်ကို မြင်နိုင်စွမ်းရှိရပါမယ်။

image199
ပုံ – NASA မှ Trappist-1 ကြယ်စနစ် တွေ့ရှိမှုကို လူသိများစေရန် နေစနစ်ပြင်ပဂြိုဟ် ရှာဖွေလေ့လာမှုကို ပုံဖော်သည့် Poster ပြိုင်ပွဲပြုလုပ်ခဲ့သည့်အနက်၊ အကောင်းဆုံး Poster ဆုရသည့် ပုံ။

မှောင်မဲပြီး မုန်တိုင်းထန်တယ်

ဒါပေမယ့် အဲဒီ့ဂြိုဟ်တွေက NASA က ပထမဆုံး သတင်းထုတ်ပြန်တုန်းကလောက် စိတ်လှုပ်ရှားစရာကောင်းပါ့မလား။ Trappist-1 ဂြိုဟ်တွေပေါ်က အသက်ဇီဝအတွက် အရာရာက ချောမွေ့ အဆင်ပြေနေမှာ မဟုတ်ပါဘူး။ ကြယ်နီပုကို နီးကပ်စွာ လှည့်ပတ်နေတဲ့ ဂြိုဟ်တွေအားလုံးဟာ၊ ဒီရေအားဖြင့် ချည်နှောင်မှု (Tidal Locking) ခေါ်တဲ့ အကျိုးသက်ရောက်မှု ခံရပါတယ်။ Tidal Locking က Trappist-1 ဂြိုဟ်တွေကို ဘယ်လိုသက်ရောက်သလဲဆိုတာ မပြောခင် Tidal Locking ဆိုတာကို အရင် ရှင်းပြရပါမယ်။ လွယ်ကူအောင်၊ ကမ္ဘာနဲ့ လရဲ့ Tidal Locking ဖြစ်ပုံကို ဥပမာပေးချင်ပါတယ်။ ကမ္ဘာမှာ ဝင်ရိုးပတ်ကြာချိန် (Rotational Period) က ၂၄နာရီ ကြာပါတယ်။ ပတ်လမ်းကြာချိန် (Orbital Period) က ၃၆၅ရက်ကြာပါတယ်။ ကမ္ဘာကို Tidal Locking ဖြစ်နေတဲ့ လအတွက်တော့၊ လရဲ့ ဝင်ရိုးပတ်ကြာချိန်နဲ့ ပတ်လမ်းကြာချိန် နှစ်ခုလုံးက ၂၇ရက်ကြာပါတယ်။ ဆိုလိုတာက ကမ္ဘာကနေကြည့်ရင် လဟာ သူ့ဝင်ရိုးပေါ်မှာသူတောင် မလည်နိုင်ပုံ မပေါ်ပဲ၊ လမျက်နှာပြင်တစ်ခြမ်းကို ကမ္ဘာဖက်ကိုသာ ထာဝရ မျက်နှာချင်း ဆိုင်ထားတာပါ။ ဒါကြောင့်လည်း ဆန်ဖွတ်တဲ့အဖိုးအိုရယ်၊ ယုန်တစ်ကောင်ရယ်ပဲ ရှိနေတဲ့ ကျွန်တော်တို့က လရဲ့ မျက်နှာပြင်တစ်ဖက်ကိုပဲ မြင်နေရတာပေါ့။ Tidal Locking ဖြစ်နေတဲ့ Trappist-1 ကြယ်နီပုနဲ့ သူ့ဂြိုဟ်တွေကလည်း ထိုနည်းလည်းကောင်းပါပဲ။ ဂြိုဟ်တွေက ဝင်ရိုးပေါ်မှာ လည်နေပေမယ့်လည်း၊ ကြယ်နီပုနဲ့ Tidal Locking ဖြစ်နေတာကြောင့်၊ မျက်နှာပြင်တစ်ခြမ်းက ထာဝရ နေ့ခင်းဖြစ်နေပြီး၊ နောက်တစ်ခြမ်းက ထာဝရ ညချမ်းဖြစ်နေပါတယ်။ ဒါလေးက စိတ်ကူးကြည့်တော့ လွယ်သလိုနဲ့၊ ဒီဂြိုဟ်တွေပေါ်မှာ ရှိနိုင်မယ့် သက်ရှိတွေအတွက် စိန်ခေါ်မှုက အင်မတန်ကြီးမားပါလိမ့်မယ်။

နေ့ခင်းဖက် ဖြစ်နေမယ့် ဂြိုဟ်တစ်ခြမ်းက ရေဆူပွက်လောက်တဲ့အထိ ပူပြင်းနေပြီး၊ နောက်တခြမ်းက ရေခဲတာထက် ပိုအောင် အေးနေလိမ့်မယ်။ သက်ရှိရှိရမယ်လို့ ကျွန်တော်တို့ တွက်ထားရင်တော့၊ လေထုလည်းရှိတယ်လို့ ယူဆရမှာပါပဲ။ အဲဒီ့လေထုက ဂြိုဟ်တစ်ခြမ်းမှ တစ်ခြမ်းသို့ အပူကို တိုက်လေအဖြစ် သယ်ဆောင်သွားလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီ့ဖြစ်စဉ်က ဂြိုဟ်တစ်ခုလုံးဆိုင်ရာ မိုးလေဝသဖြစ်စဉ် တစ်ခုဖြစ်တာကြောင့်၊ ဂြိုဟ်တစ်ခုလုံးကို လွှမ်းမိုးမယ့် ဟာရီကိန်းမုန်တိုင်းတွေ ပုံစံမျိုးဖြစ်လိမ့်မယ်။ ဒီမုန်တိုင်းတွေဟာ ကမ္ဘာပေါ်မှာ ဖြစ်တတ်တဲ့ အဆင့်-၅ ဟာရီကိန်းတွေထက် အများကြီး ပိုဆိုးကောင်းဆိုးနိုင်ပါတယ်။

image199
ပုံ – Tidal Lock ဖြစ်နေသည့် ဂြိုဟ်များ၌ ယခုကဲ့သို့ မုန်တိုင်းကြီးများ ဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါ ဂြိုဟ်၌ ဆင့်ကဲပေါ်ပေါက်မည့် သက်ရှိဇီဝအတွက် စိန်ခေါ်မှုကြီး တစ်ခု ဖြစ်စေနိုင်သည်။

ဒီဂြိုဟ်တွေပေါ်မှာ နေ့-ည ပြောင်းခြင်းမရှိပါဘူး။ ကမ္ဘာပေါ်ရှိ တည်ဆောက်ပုံ အဆင့်မြင့်တဲ့ သက်ရှိတွေဟာ နေ့-ညလည်ပတ်မှုကို မဖြစ်မနေ မှီခိုနေရပါတယ်။ Trappist-1 ဂြိုဟ်သား ဇီဝတွေအတွက် ဥတုတွေလည်း ရှိမှာ မဟုတ်ပါ။ ဒီဂြိုဟ်တွေမှာ ဝင်ရိုးစောင်းမှု ရှိရင်တောင် (ကမ္ဘာဆိုရင် ၂၃.၅ ဒီဂရီ စောင်းတယ်) အလင်းရောင် ပြောင်းလဲမှု အနည်းငယ်သာ ရှိပါလိမ့်မယ်။ ဒါပေမယ့် နွေဦးတို့၊ ဆောင်းဦးတို့လို အကျိုးသက်ရောက်မှုမျိုး မရှိနိုင်ပါ။ သို့ပေမယ့်လည်း သက်ရှိဟာ ဆည်းဆာနယ်မြေ (Twilight Zone) လို့ခေါ်တဲ့ နေရာမှာတော့ တနည်းနည်းနဲ့၊ ရှင်သန်စရာ နည်းလမ်း တွေ့ကောင်းတွေ့နိုင်ပါသေးတယ်။ ဆည်းဆာနယ်မြေဆိုတာ အခြားမဟုတ်ပါဘူး။ ကြယ်နီပုက မိုးကုပ်စက်ဝိုင်းမှာ ရှိနေတယ်ဆိုရုံကလေး ရှိတဲ့ ဂြိုဟ်ရဲ့ နေ့ခင်းအခြမ်းနဲ့၊ ညချမ်းအခြမ်းနှစ်ခု ကြားက၊ မုန့်လက်ကောက်ကွင်းပုံစံ နေရာကို ပြောတာပါ။ ဒါတောင်မှ သူ့မှာ တခြား ပြဿနာတွေ ရှိနိုင်သေးတယ်။ အလွန်အေးတဲ့ ကြယ်နီပုတွေဟာ ကျွန်တော်တို့ နေကဲ့သို့ ကြယ်ဝါပုတွေလောက် တည်ငြိမ်မှုမရှိပါဘူး။ အလင်းမထွက်တဲ့ ကြယ်ပျောက် (Starspot) တွေ မကြာခဏဖြစ်ပေါ်လေ့ရှိပါတယ်။ ကြယ်ပျောက်တွေများလွန်းရင်၊ လပေါင်းများစွာကြာအောင်၊ အလင်းရောင် ၄ဝ%ခန့် လျော့နေတတ်ပါတယ်။ တခြားအချိန်တွေမှာတော့၊ Trappist-1 က လျှပ်စစ်ဓာတ်ဆောင် ဓာတ်ရောင်ခြည်တွေ ပါဝင်တဲ့ ကြယ်လေ မုန်တိုင်းတွေ ထုတ်လွှတ်နိုင်ပါတယ်။ မိခင်ကြယ်ရဲ့ မတည်ငြိမ်မှုဟာ Trappist-1 ဂြိုဟ်သားဇီဝတွေအတွက် ပြဿနာကြီးဖြစ်တာကြောင့်၊ ရေအောက် သို့မဟုတ် မြေအောက်မှာ ကျက်စားဖို့ တွန်းအားပေးခံ ရပါလိမ့်မယ်။ Trappist-1 ဂြိုဟ်တွေမှာ လုံလောက်တဲ့ သံဒြပ်စင်ရှိခဲ့ရင်တော့ ဂြိုဟ်ရဲ့ ဗဟိုချက်မှာ သံအနှစ်သား (Iron Core) ရှိနိုင်ပါတယ်။ ကမ္ဘာမှာလိုပဲ၊ ဒီမုန်တိုင်းတွေကို ကြံ့ကြံ့ခံနိုင်မယ့် သံလိုက်စက်ကွင်းမျိုးကို အဲဒီ့ သံအနှစ်သားက ပေးစွမ်းနိုင်ကောင်းပါတယ်။

သို့တိုင်အောင်ပင်၊ ကမ္ဘာပေါ်က သက်ရှိတွေကို ကျွန်တော်တို့ လေ့လာကြည့်သလောက်၊ ကျွန်တော်တို့ နားလည်ထားတာ တစ်ခုက ဘဝတွေဟာ ကြမ်းတမ်းခက်ထန်တယ်ဆိုတာပဲ။ ဒီတော့ Trappist-1 ဂြိုဟ်တွေပေါ်မှာ သက်ရှိတွေ ရှိနေနိုင်တယ်။ တစ်ခုတည်းသော မကောင်းသတင်းကတော့၊ အဲဒီ့ဂြိုဟ်တွေပေါ်က အခြေအနေတွေအရ၊ ဂြိုဟ်မျက်နှာပြင်ပေါ်မှာ သက်ရှိ ရှင်သန်ဖို့ မဖြစ်နိုင်ဘူးလို့ ယူဆစရာ ရှိနေတာပါပဲ။ အေးချမ်းသာယာပြီး စိမ်းပြာရောင် တောက်ပတဲ့ မိခင်ကမ္ဘာဂြိုဟ်ကနေ စွန့်ခွာချင်မယ့် ကမ္ဘာဂြိုဟ်သားတွေ အတွက်တော့ ကံဆိုးတာပေါ့လေ။

Kyaw Zwar Lynn

~ 28/3/17

Bibiliography

A. Rathi. ‘What life would be like on the seven newly discovered Earth-like planets’. (2017). Available: https://qz.com/917483/if-aliens-exit-on-trappist-1-exoplanets-theyll-be-living-in-dark-stormy-and-unpredictable-times. [Accessed: 27, March 2017].

J. Seidel, S. Grice. ‘Are we the aliens? These habitable worlds are utterly different to our own’. (2017). Available: http://www.news.com.au/technology/science/space/are-we-the-aliens-these-habitable-worlds-are-utterly-different-to-our-own/news-story/f4a83d87a7959a1ada9fa3fcef7019bb. [Accessed: 27, March 2017].

Comments

Kyaw Zwar Lynn

Kyaw Zwar Lynn is a medical doctor & self-employed science writer as his sideline. He usually writes about life science topics like General Biology and Medicine, with some heavy touches on Paleontology and Biochemistry too. Please visit and subscribe to his personal WordPress too, if you like his works. You can also contact him on facebook.