Thar Htet Aung
Be my friend

Thar Htet Aung

Founder at Curiosity
Hey, I’m Thar Htet, the founder of Curiosity. I’m a blogger and technical expert(Engineering and Information & Technology) living in Yangon Region, Myanmar (Burma) holding the Bachelor Degree of Engineering. I am a fan of technology, entrepreneurship, and politics. I’m also interested in astronomy and education.
Thar Htet Aung
Be my friend

မိုးရာသီရဲ့ ပထမဦးဆုံး ရွာချလိုက်တဲ့ မိုးစက်မှုန်လေးတွေကြားထဲမှာ လမ်းလျောက်သွားဖူးပါသလား။  အဲဒီိလို မိုးပေါ်ကနေ ကျဆင်းလာတဲ့ ရေမှုန်ရေမွှားတွေ မြေသားနဲ့ စတင်ထိတွေ့ချိန်မှာ လန်းဆန်းတဲ့၊ သင်းသင်းလေး မွှေးတဲ့ ရနံတစ်ခုကို ရှုရှိုက်ဖူးပါသလား။အဲဒီ ရနံ့ဟာ မြေသင်းနံ့ပါပဲ။

မြေလွှာမြေသားကို မထိမိသေးခင် အချိန်အထိတော့ မိုးရွာချိန်မှာ ကျလာတဲ့ မိုးရေစက်မှုန်တွေဟာ သာမာန်ရေစက်နဲ့ မထူးခြားပါဘူး။ ဘာ ရနံ့မှ မရှိသေးပါဘူး။ ဒါပေမဲ့ ဒီရေစက်တွေဟာ မြေသားနဲ့ စတင်ထိတွေ့ ပြီးချိန်၊ မြေသားပေါ်က ဖုန်မှုန့်များနဲ့ အပြန်အလှန် ထိတွေ့လိုက်မိချိန်မှာတော့ လတ်ဆတ်ပြီး   မွှေးမြမြ မြေသင်းနံ့ကို ထွက်ပေါ်လာစေပါတယ်။ မိုးရေစက်မှ မဟုတ်ပဲ သင်ကိုယ်တိုင် အိမ်မှာ ရေပိုက်နဲ့ မြေလွှာပေါ်ကို ရေမှုန်လေးတွေ ဖြန်းကြည့်ရင်လည်း ဤကဲ့သို့ ရနံ့ကို ရနိုင်မှာ ဖြစ်ပါတယ်။ ယခုအချိန်မှာ သိပ္ပံ ပညာရှင် တွေဟာ ဒီလိုမျိုး မြေသင်းနံ့ဟာ လေထုထဲကို ဘယ်လို ထွက်ပေါ်လာပုံရဲ့ အဆင့်ဆင့်ကို အတိအကျ ဖော်ထုတ်နိုင်ပြီ လို့ ဆိုပါတယ်။

ဒီမြေသင်းရနံ့ကို အင်္ဂလိပ်လို “Petrichor” လို့ခေါ်ပါတယ်။ ကျောက်တုံးလို့ အဓိပ္ပါယ် ရတဲ့ “Petra” ဆိုတဲ့ ဂရိ စကားလုံးနဲ့ နတ်ဘုရားများရဲ့ ခန္တာကိုယ် သွေးကြောထဲတွင် စီးဆင်နေသော သွေးကဲ့သို့ အရည်လို့ အဓိပ္ပါယ်ရတဲ့ “ichor”ဆိုတဲ့ စကားလုံးနှစ်ခုကနေ ပေါင်းစပ် ဆင်းသက်လာတာပါ။ ဒီ မြေသင်းနံ့ ဖြစ်ပေါ်တဲ့ ဖြစ်ရပ်ကို သြစတေးလျ မှ သိပ္ပံ ပညာရှင်နှစ်ဦးမှ ၁၉၆၄ ခုနှစ်မှ Petrichor လို့ ဝေါဟာရ အသစ်တစ်ခုနဲ့ အမည်သတ်မှတ်လိုက်ပါတယ်။ ထိုအချိန်က ဤကဲ့သို့ အမည်ပေး သတ်မှတ်ခဲ့ နိုင်ပေမဲ့ ယခုအချိန် မတိုင်ခင် အထိတော့  လေ့လာသူတွေဟာ ဒီလို ရနံ့ ထွက်ပေါ်လာပုံ ရဲ့ နောက်ကွယ်က ဖြစ်စဉ်ကို နားမလည်ခဲ့ကြပါဘူး။

“ဒီဖြစ်စဉ်မှာ မိုးရွာစဉ် မိုးရေစက် ကျရောက်ရာ ဝန်းကျင်ရှိ သစ်ပင်များက ထုတ်လွှတ်လိုက်တဲ့ အဆီတွေနဲ့ ဘက်တီရီးယား တွေဆီက အချို့သော ဓါတုပစ္စည်း အချို့ကြောင့်  မိုးရွာပြီးချိန််မှာ မြေသင်းနံ့ဟာ ထွက်လာရခြင်း ဖြစ်တယ်လို့ သူတို့(လေ့လာသူတွေ) က ဆိုကြတယ်” လို့ Cambridge ရှိ Massachusetts Institute of Technology မှ စက်မှု အင်ဂျင်နီယာ အကူပါမောက္ခ ဖြစ်သူ Cullen Buie မှဆိုပါတယ်။ သူကပဲ ဆက်ပြီး  “စိတ်ဝင်စားဖို့ ကောင်းတာက သူတို့က ဘယ်လို ပါဝင်ပစ္စည်းတွေကြောင့် ဒီလို ရနံ့ ရတယ်ဆိုတာထက် ဒီလို ရနံ့ လေထုထဲကို ရောက်လာပုံ ဖြစ်စဉ်ကို မဆွေးနွေးကြတာပါပဲ” လို့ ဆိုပါတယ်။

မိုးရေစက်တစ်စက်ဟာ စိမ့်ဝင်နိုင်စွမ်းရှိတဲ့ မျက်နှာပြင်တစ်ခု( ဥပမာ မြေဆီလွှာ) နဲ့ ထိတွေ့လိုက်တဲ့ အချိန်မှာသေးငယ်တဲ့ လေအိပ် ပူပေါင်းလေးတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီနောက်မှာ အဲဒီ့ လေပူပေါင်းလေးတွေဟာ ရှန်ပိန်ဖန်ခွက်ထဲမှ ရေမြုပ်ပူပေါင်းလေးများလိုပဲ အထက်ကို အရှိန်နဲ့ တက်သွားကြပြီး တစ်ခုသော အမြင့်ကို ရောက်ချိန်မှာ ပေါက်ကွဲ ထွက်သွားကာ aerosols လို့ခေါ်တဲ့ လွန်စွာမှ သေးငယ်လှတဲ့ အမှုန်အမွှားလေးများဟာ စပရေးဘူးမှ ဖြန်းထုတ်လိုက်သလို ပါတ်ဝန်းကျင်ကို ပြန့်ထွက်သွားပါတယ်။ လေ့လာသူများဟာ ဒီ အမှုန်အမွှား aerosol များဟာ မြေသင်း ရနံ့ကို ဖြစ်ပေါ်စေတဲ့ ပစ္စည်းတွေကို သယ်ဆောင်ထားတယ်လို့ ထင်မြင်ကြပါတယ်။

Buie နဲ့ သူရဲ့ အလုပ်သင် ပါရဂူအဆင့် သုတေသီ Youngsoo Joung တို့ဟာ မတူကွဲပြားတဲ့ မြေသားလွှာ မျက်နှာပြင် ၁၆မျိုးနဲ့ အခြား အင်ဂျင်နီယာ လုပ်ငန်းဆိိုင်ရာ ပစ္စည်း၁၂ မျိုး အပေါ်ကို ကောင်းကင်က ကျလာတဲ့ မိုးရေစက်တွေ ရိုက်ခတ်ပုံကို ဗီဒီယို မှတ်တမ်းတင်ခဲ့ကြပါတယ်။ Joung ဟာဆိုရင် MIT ကျောင်းဝန်းအတွင်းရှိ မြေသားလွှာနဲ့ Charles မြစ် တလျောက်က မြေသားလွှာ နမူနာတွေနဲ့ပါ စမ်းသပ်ခဲ့ပါတယ်။

သူတို့ဟာဆိုရင် ဒီဖြစ်စဉ်ကို မြန်နှုန်းမြင့် ကင်မရာများဖြင့် အနီးကပ် လေ့လာခဲ့ကြပါတယ်။ မိုးရေစက်ရဲ့ ကျရောက်လာတဲ့ အရှိန်နဲ့ ကျရောက်ထိရိုက်မည့် မြေဆီလွှာရဲ့ သိပ်သည်းဆနဲ့ ပစ္စည်း ပါဝင်မှု နှုန်းအပေါ် မူတည်ပြီး  aerosol ရေမှုန်ငယ်လေးများ ပေါ်ထွက်လာပြီး အလွန့်အလွန် တိုတောင်းလှတဲ့ အချိန်အတောအတွင်းမှာ လေထုထဲကို ပြန့်နှံ့ကွဲထွက် သွားပါတယ်။ သုတေသီ တွေဟာ ဒီဖြစ်စဉ်ကို မိုးဖွဲဖွဲကျစဉ်နဲ့ အသင့်အတင့် အနည်းငယ် မိုးရွာစဉ်မှာ ပိုမိုတွေ့ရတတ်ပြီး မိုးကြီးလေ aerosols ရေမှုန်လေးတွေ ထွက်လာမှုနည်းလေလို့ ဆိုပါတယ်။

မိုးစက် အတု မျက်နှာပြင်တစ်ခုကို ရိုက်ခတ်သွားပုံ အဆင့်ဆင့်။ Photo Credit: Young Soo Joung

မိုးစက်များ ရေမျက်နှာပြင်ပေါ်သို့ ကျရောက်ချိန်မှာ Aerosols များကို ဖန်တီး ထုတ်လွှတ်နိုင်တယ် ဆိုတာကို သိပ္ပံပညာရှင်များဟာ ယခင်ကတည်းက ရှာဖွေ့တွေ့ရှိခဲ့ပြီး ဖြစ်ပေမဲ့ ဒီတစ်ကြိမ်ဟာ မိုးရေစက် မြေပြင်ပေါ်ကို ကျရောက်တဲ့ ဖြစ်စဉ်ကို ပထမဆုံး လေ့လာ စူးစမ်းခြင်းပါပဲ။

“ဒီ လေ့လာမှု အသစ်ဟာ ဆိုရင်  သမုဒ္ဒရာထဲကနေ ကုန်းမြေပေါ်အထိ aerosol ရေပူပေါင်းဖွဲ့စည်းပုံ အပေါ် ဆွေးနွေးမှုများကို ပေါ်ပေါက်လာစေပါတယ်”လို့ ဒီ  လေ့လာမှုထဲမှာ မပါဝင်ခဲ့သူ Boston တက္ကသိုလ်မှ Mechanical Engineering အကူ ပါမောက္ခ James Birds မှ ဆိုပါတယ်။ မြေဆီလွှာထဲမှ အလွန်သေးငယ်တဲ့ ပိုးမွှားတွေကို  လေထုထဲမှာ တွေ့ရှိပြီး ဖြစ်ပါတယ်။ ဒီ စာတမ်းဟာဆိုရင် ဒီ ပိုးမွှားတွေဟာ တားခံ ထားတဲ့ လေထုကို ဘယ်လို ဖြတ်ကျော်သွားပြီး လေပြေတိုက်ခတ်မှုကနေ တခြားနေရာတွေကို ပျံနှံ့ ရောက်ရှိ နိုင်ပုံ ရဲ့လုပ်ငန်းစဉ်ကို ဖော်ပြထောက်ပံ့ပေးထား ပါတယ်။

Aerosols များဟာ သိသာထင်ရှားတဲ့ မွှေးရနံ့ကို ထွက်စေတဲ့ ပစ္စည်းတွေကိုသာ ဖြန့်ဝေရုံသာမက မြေဆီလွှာထဲမှ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေကိုပါ ပျံ့နှံ့စေတယ်လို့ သုတေသီတွေက တွေးထင် ကြပါတယ်။ သူတို့ဟာ ရှေ့ဆက်ပြီး ဒီ aerosols ထဲမှ ပါဝင်ပစ္စည်းတွေဟာ ဘယ်လောက် လွယ်လွယ်နဲ့ ဘယ်လောက်ဝေးဝေးအထိ ပျံ့နှံ့ နိုင်မလဲဆိုတာကို ဆက်လက် အာရုံစိုက် လေ့လာ သွားကြမှာ ဖြစ်ပါတယ်။

ဤတွေ့ရှိချက်များကို Nature Communications ဂျာနယ် 2014 Jan issue တွင် ထုတ်ဝေခဲ့ ပြီး ဖြစ်ပါတယ်။

LiveScience Website မှ Shannon Hall ၏ Why Rain Gives Off That Fresh, Earthy Smell ကို ဆီလျော်အောင် မြန်မာပြန်ဆိုထားပါသည်။

Jackie Lynn ၏ ဆောင်းပါးကို Curiosity Science Magazine Year 1 Issue 9 Page 45-47 တွင် ဖော်ပြပါရှိပါသည်။

~ ဆောင်းပါးရှင် – Jackie Lynn

Comments