၁၉၉၉ ခုနှစ်မှာ ဘီလ်ဂိတ်စ်ဟာ Business @ the Speed of Light ဆိုတဲ့ စာအုပ်တစ်အုပ်ကို ရေးသားခဲ့ပါတယ်။ အဲ့ဒီအထဲမှာ ဘီလ်ဂိတ်စ်က ခန့်မှန်းချက် ၁၄ ခုပါရှိခဲ့ပြီး အံ့အားသင့်စွာပဲ သူတို့အားလုံးဟာ လက်ရှိမှာ မှန်ကန်နေတာကို တွေ့ရပါတယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က စီးပွားရေးသမားတစ်ယောက်ရဲ့ ခန့်မှန်းချက်များဟာ တကယ်ဖြစ်လာတဲ့အကြောင်းကို အောက်ပါအတိုင်း ဖတ်ကြည့်နိုင်ပါတယ်။

၁) ဈေးနှုန်းနှိုင်းယှဉ်သည့် website များ

ဂိတ်စ်၏ ခန့်မှန်းချက် : “website ပေါင်းများစွာက ဈေးနှုန်းတွေကို ယှဉ်ပေးပြီး အသုံးပြုသူတို့ ဈေးအနည်းဆုံးနေရာကို သိအောင် ကူညီပေးနိုင်မယ့် အလိုအလျောက် ဈေးနှုန်းနှိုင်းယှဉ်တဲ့ ဝန်ဆောင်မှုတွေ ရှိလာပါလိမ့်မယ်။”

လက်ရှိအခြေအနေ : ကုန်ပစ္စည်းတစ်ခုကို ဂူဂဲလ် ဒါမှမဟုတ် အမေဇုန်မှာ အချိန်မရွေးတက်ရှာနိုင်ပါတယ်။ NexTag သို့မဟုတ် PriceGrabber ဆိုတဲ့ website များက ဈေးနှုန်းများ နှိုင်းယှဉ်ပေးတဲ့ ဝန်ဆောင်မှုကို ပေးပါတယ်။

၂) မိုဘိုင်းလ် ဖုန်းများ

ဂိတ်စ်၏ ခန့်မှန်းချက် : “လူတွေဟာ သူတို့ရဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်တွေကို အချိန်မရွေးကြည့်ရှုနိုင်တဲ့ စက်ပစ္စည်းအသေးလေးတွေကို သယ်ဆောင်သွားပါလိမ့်မယ်။ သူတို့ဘယ်မှာရှိနေနေ သတင်းကိုဖွင့်ဖတ်ခြင်း၊ လေယာဉ်လက်မှတ်များ စစ်ဆေးခြင်း၊ ဘဏ်လဲလှယ်မှုများကို စစ်ဆေးခြင်း၊ စတဲ့အရာတွေအားလုံးကို ဒီစက်ပစ္စည်းလေးအပေါ်မှာတင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။”

လက်ရှိအခြေအနေ : စမတ်ဖုန်းနဲ့ စမတ်နာရီများကိုသာ ပြေးမြင်လိုက်ပါ။

၃) အွန်လိုင်းငွေပေးခြေမှုနှင့် အွန်လိုင်းကျန်းမာရေးဝန်ဆောင်မှု

ဂိတ်စ်၏ ခန့်မှန်းချက် : “လူတွေဟာ သူတို့ရဲ့ ဘေလ်တွေကို အင်တာနက်ပေါ်ကနေ ပေးချေပြီး အင်တာနက်ကနေပဲ သူတို့ ဆရာဝန်တွေနဲ့ ဆက်သွယ်နိုင်ပါလိမ့်မယ်။”

လက်ရှိအခြေအနေ : ZocDoc ဆိုတဲ့ ဝက်ဘ်ဆိုဒ်နဲ့ One Medical ၊ Forward ဆိုတဲ့ startups များက ဆရာဝန်များနဲ့ အချိတ်အဆက်လုပ်နိုင်ဖို့ ဝန်ဆောင်မှုကိုပေးပြီး အွန်လိုင်းပေါ်ကတင် အကြံဉာဏ်များ ရယူနိုင်အောင် ကူညီပေးပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာလဲ MyanCare ဆိုတဲ့ startup တစ်ခုက ကြိုးစားနေတာကို တွေ့မြင်နိုင်ပါတယ်။

အွန်လိုင်းပေါ်က ပိုက်ဆံပေးချေတယ်ဆိုတာကတော့ Visa နဲ့ Paypal တို့က သာဓကပါပဲ။ အခုဆိုရင် bitcoin ပါ တွင်ကျယ်လာပြီဖြစ်ပါတယ်။

၄) ကိုယ်ရေးကိုယ်တာ အကူများ

ဂိတ်စ်၏ ခန့်မှန်းချက် : “ကိုယ်ရေးကိုယ်တာ အဖော်များ ဖွံ့ဖြိုးလာပါလိမ့်မယ်။ သူတို့ဟာ သင့်ရဲ့ စက်ပစ္စည်းများအားလုံးကို ရုံးမှာရှိနေနေ အိမ်မှာရှိနေနေ ကောင်းမွန်စွာ ချိတ်ဆက်ထားပါလိမ့်မယ်။ သူဟာ သင့်ရဲ့ အီးမေးလ်တွေကို စစ်ပေးပြီး သင်လိုအပ်တဲ့ အချက်အလက်ကို ပြန်ပြောနိုင်ပါလိမ့်မယ်။”

လက်ရှိအခြေအနေ : Google Now နဲ့ ဆမ်ဆောင်းရဲ့ S8 မှာပါဝင်လာတဲ့ Bixby ဟာ အဆိုပါဝန်ဆောင်မှုကို ပေးပါတယ်။

၅) မိမိအိမ်အား အွန်လိုင်းမှ စောင့်ကြည့်ခြင်း

ဂိတ်စ်၏ ခန့်မှန်းချက် : “သင့်အိမ်ရဲ့ တိုက်ရိုက်ဗီဒီယိုကို စောင့်ကြည့်နေနိုင်ပြီး သင့်အိမ်ဆီကို ဘယ်သူတွေ လာသွားတယ်ဆိုတာကို သိရှိနိုင်ပါလိမ့်မယ်။”

လက်ရှိအခြေအနေ : ဂူဂဲလ်က ၂၀၁၄ ခုနှစ်တုန်းက DropCam ဆိုတဲ့ စောင့်ကြည့်ရေးကုမ္ပဏီတစ်ခုကို ဒေါ်လာ ၅၅၅ သန်းနဲ့ ဝယ်ယူခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒါဟာ အစပဲရှိပါသေးတယ်။ Petcube ဆိုတဲ့ ကုမ္ပဏီတစ်ခုဆိုရင် သင်အဝေးရောက်နေတဲ့အချိန်မှာကို အိမ်မှာကျန်ခဲ့တဲ့ ခွေး သို့မဟုတ် ကြောင်လေးကစားနိုင်ဖို့အတွက် လေဆာပွိုင့်ကိုပါ ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်။

၆) လူမှုကွန်ယက်

ဂိတ်စ်၏ ခန့်မှန်းချက် : “သင့်သူငယ်ချင်း သို့မဟုတ် မိသားစုနဲ့ စကားတွေပြောနိုင်ဖို့အတွက် ကိုယ်ပိုင် ဝဘ်ဆိုဒ်ငယ်လေးတွေ ရှိလာပါလိမ့်မယ်။”

လက်ရှိအခြေအနေ : လူပေါင်း ၂ ဘီလီယံခန့်ဟာ Facebook ကို လစဉ်အသုံးပြုနေပြီး SnapChat, Instagram, Whatapps အစရှိတဲ့ ကွန်ယက်များဟာလဲ အလားတူပဲဖြစ်ပါတယ်။

၇) အွန်လိုင်း ပရိုမိုးရှင်းများ

ဂိတ်စ်၏ ခန့်မှန်းချက် : “အချို့ဆော့ဖ်ဝဲများဟာ သင်သွားလိုတဲ့ နေရာဒေသမှာရှိတဲ့ အချက်အလက်များကို အသိပေးနိုင်ပါတယ်။ သူတို့ဟာ သင်ပါဝင်လိုတဲ့ activity တစ်ခုမှာရှိတဲ့ လျှော့ဈေးများ၊ ပရိုမိုးရှင်းများကို ပြောပြနိုင်ပါလိမ့်မယ်။”

လက်ရှိအခြေအနေ : ခရီးသွားဝဘ်ဆိုဒ်များဖြစ်တဲ့ Expedia နဲ့ Kayak တို့က သင့်ရဲ့ အရင်က ဝယ်ယူဖူးတဲ့ အချက်အလက်များအပေါ်မှာ မူတည်ပြီး ကိုက်ညီတဲ့ offer အသစ်များကို ပေးပါတယ်။ Google နဲ့ Facebook တို့ရဲ့ ကြော်ငြာများဟာလဲ သင့်တည်နေရာနဲ့ စိတ်ဝင်စားမှုအပေါ်မှာ မူတည်ပြီးတော့ ပြသပေးပါတယ်။

၈) အားကစားဆွေးနွေးဝိုင်းများ

ဂိတ်စ်၏ ခန့်မှန်းချက် : “အားကစားပွဲတစ်ခုကို ကြည့်နေပြီဆိုရင် သူတို့အကြောင်းကို ဝါသနာတူသူတွေနဲ့ အတူတကွ တစ်ချိန်တည်း ဆွေးနွေးနိုင်ပါလိမ့်မယ်။”

လက်ရှိအခြေအနေ : လူမှုကွန်ယက်တော်တော်များများက ဒါကို အထောက်အပံ့ပေးနေပါပြီ။ အားလုံးထဲမှာတော့ Twitter က ထိပ်ပြေးနေပါတယ်။ ESPN website မှာလဲ အားကစားပြိုင်ပွဲများကို အချိန်နဲ့တစ်ပြေးညီ comment ထိုင်ပေးနိုင်ပါတယ်။

၉) Smart Advertising

ဂိတ်စ်၏ခန့်မှန်းချက် : “စက်ပစ္စည်းများက သင့်ရဲ့ အကြိုက်များကို အလိုအလျောက် ထောက်လှမ်းနိုင်ပါတယ်။ သူတို့က ပြသတဲ့ ကြော်ငြာများဟာလဲ သင်စိတ်ဝင်စားနိုင်မယ့်အရာများသာ ဖြစ်နေပါလိမ့်မယ်။”

လက်ရှိအခြေအနေ : Facebook နဲ့ Google ပေါ်မှာ တွေ့နေတဲ့ ကြော်ငြာတွေကိုသာ တစ်ချက်ကြည့်လိုက်ပါ။ သူတို့ဟာ သင့်အကြောင်းကို သိလွန်းလို့ တစ်ခါတစ်လေ မလုံမခြုံဖြစ်သလိုတောင် ခံစားရပါတယ်။

၁၀) တီဗီမှတစ်ဆင့် ဝဘ်ဆိုဒ်များသို့

ဂိတ်စ်၏ ခန့်မှန်းချက် : “သင်တီဗီကြည့်နေစဉ်မှာ သူကြည့်လက်စအကြောင်းအရာရဲ့ ဖြည့်စွက်ချက်များကို ဆက်လက်ဖတ်ရှုနိုင်ဖို့အတွက် သက်ဆိုင်ရာ ဝဘ်ဆိုဒ်များကို ညွှန်းတဲ့ link တွေ ပါလာပါလိမ့်မယ်။”

လက်ရှိအခြေအနေ : လက်ရှိမှာ တွေ့ဖူးသမျှ ကြော်ငြာတွေအားလုံးမှာ သူတို့ရဲ့ သက်ဆိုင်ရာ website link တွေကို ပြသထားတာ တွေ့နိုင်ပါတယ်။ သူတို့ရဲ့ တွစ်တာကို follow လုပ်ဖို့ သို့မဟုတ် သူတို့ရဲ့ Snapchat ကို add ဖို့အတွက် QR code လေးတွေ ထည့်ပေးထားတာကို တွေ့နိုင်ပါတယ်။

၁၁) အွန်လိုင်းဆွေးနွေးဝိုင်းများ

ဂိတ်စ်၏ ခန့်မှန်းချက် : “နေရာတစ်နေရာမှာ နေထိုင်သူတို့ဟာ သူတို့ဒေသခံ ဖြစ်ရပ်များ၊ နိုင်ငံရေးများ၊ အကြောင်းအရာများကို ဆွေးနွေးနိုင်ဖို့အတွက် အွန်လိုင်း ဆွေးနွေးဝိုင်းများ ပေါ်လာပါလိမ့်မယ်။”

လက်ရှိအခြေအနေ : ဒါကတော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေ ကျွမ်းပါတယ်။ Facebook တစ်ခွင်မှာ ဝါရင့်သမ္ဘာရင့် နိုင်ငံရေးသမားကြီးများ၊ စုံထောက်ကြီးများ၊ အတွေးအခေါ်ပညာရှင်ကြီးများကို တွေ့နိုင်ပါတယ်။

၁၂) အင်တာနက်အခြေစိုက် ဝက်ဘ်ဆိုဒ်အငယ်များ

ဂိတ်စ်၏ ခန့်မှန်းချက် : “online community များဟာ သင့်ရဲ့ တည်နေရာအပေါ်မှာ မူတည်မှာမဟုတ်ပဲ သင့်ရဲ့ စိတ်ဝင်စားမှုအပေါ်မှာသာ မူတည်ပါတယ်။”

လက်ရှိအခြေအနေ : အွန်လိုင်းဝဘ်ဆိုဒ်တော်တော်များများက အကြောင်းအရာတစ်ခုတည်းကိုသာ ဦးတည်ပါတယ်။ ဒါပေမယ့် Reddit ကဲ့သို့သော ကွန်ယက်များကတော့ subgroups များ၊ subreddit များဆိုပြီးတော့ သင်ဆွေးနွေး၊ ဖတ်ရှုလိုတဲ့အကြောင်းအရာကို သေသေချာချာပိုင်းခြားပေးထားပါတယ်။ (Facebook ကို စိတ်ကုန်လာသူများ Reddit မှာ အချိန်ပို အကုန်ခံဖို့ ဖိတ်ခေါ်ပါတယ်။)

၁၃) ပရောဂျက်စီမံခန့်ခွဲရေး ဆော့ဖ်ဝဲများ

ဂိတ်စ်၏ ခန့်မှန်းချက် : “ပရောဂျက်မန်နေဂျာများက ပရောဂျက်အသေးစိတ်၊ နဲ့ လုပ်ဆောင်နေသူများကို အင်တာနက်ကနေသာ စီမံခန့်ခွဲနိုင်ပြီ ဖြစ်ပါတယ်။”

လက်ရှိအခြေအနေ : Trello, Asana များကစလို့ Project Management software များစွာ ပုံစံအမျိုးမျိုးနဲ့ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

၁၄) အွန်လိုင်းဝန်ထမ်းခန့်အပ်ခြင်း

ဂိတ်စ်၏ ခန့်မှန်းချက် : “ကုမ္ပဏီများဟာ သူတို့ရှာဖွေနေတဲ့ အလုပ်အကိုင်အခွင့်အလမ်းများကို ဝဘ်ဆိုဒ်များမှာ တင်ပြီး ကြေငြာပါလိမ့်မယ်။ အလုပ်ရှာဖွေသူများကလဲ မပင်ပန်းပဲ အင်တာနက်ကတစ်ဆင့်သာ အလုပ်တစ်ခုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။”

လက်ရှိအခြေအနေ : Linkedin ကဲ့သို့သော ကမ္ဘာ့အဝန်း ပရော်ဖက်ရှင်နယ်ကွန်ယက်များမှအစ လက်ရှိပြည်တွင်းမှာရှိတဲ့ အလုပ်အကိုင်ရှာဖွေရေး ဝဘ်ဆိုဒ်များမှာ သင့်ရဲ့ resume များကို တင်ပြီးတော့ အလုပ်အကိုင်ရှာဖွေနိုင်ပြီဖြစ်ပါတယ်။

Comments
Thar Htet Aung
Be my friend

Thar Htet Aung

Blogger at Curiosity
Hey, I’m Thar Htet, founder of Curiosity. I’m a blogger and technical expert(Engineering and Information & Technology) living in Yangon Region, Myanmar (Burma) holding the Bachelor Degree of Engineering. I am a fan of technology, entrepreneurship, and politics. I’m also interested in astronomy and education.
Thar Htet Aung
Be my friend