ဦးနှောက်ဆိုတာ လူတစ်ယောက်ကို အဓိကထိန်းချုပ်နေတယ်လို့ ကျွန်တော်တို့ အားလုံးလက်ခံထားကြပါတယ်။ တကယ်လို့ လူတစ်ယောက်က စဉ်းစားဆင်ခြင်နိုင်စွမ်းရှိတယ်ဆိုရင် ဒီကောင် ဦးနှောက်ရှိတယ် လို့ ကျွန်တော်တို့ မှတ်ချက်ပေးတယ်ကြပါတယ်။ သူဟာ ပညာရေးမှာ တော်လွန်းတဲ့လူတစ်ယောက်ဖြစ်တယ်ဆိုရင် ဒီကောင် ဦးနှောက်ကောင်းတယ် စသဖြင့် ကျွန်တော်တို့ ပြောဆိုကြပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ အခုလိုတွေးတာဟာ ကျွန်တော်တို့ ဘိုးဘေဘီဘင်လက်ထပ် ရှေးလူသားများခေတ်ဆီမှာ သိပ်ပြီးတော့ အလုပ်မဖြစ်ခဲ့ပါဘူး။ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကို ဘယ်သူမှမမြင်ရပါဘူး။ သူဟာ ကျွန်တော်တို့ရဲ့ ဦးခေါင်းခွံထဲမှာပဲ မိန့်မိန့်ကြီး ထိုင်နေတာမဟုတ်လား။ ဒါဟာ ကျွန်တော်တို့ နှလုံးနဲ့တော့ အရမ်းကွာလွန်းပါတယ်။ နှလုံးဟာ ကျွန်တော်တို့ အသက်ရှင်နေသမျှ ကာလပတ်လုံး တောက်လျှောက်ခုန်နေတယ်။ လူတစ်ယောက် သေမှ ရပ်သွားတယ်။ လူတွေမှာတင်မဟုတ်ပဲ တိရိစ္ဆာန်တွေများမှာပါ အတူတူဖြစ်နေပါတယ်။ သူဟာ အသက်ရှင်စဉ်နဲ့ သေစဉ်နှစ်မျိုးတည်းတင်မဟုတ်ပဲ ကျွန်တော်တို့ရဲ့ စိတ်နေ ခံစားချက်များအပေါ်မှာပါ မူတည်ပြီးပြောင်းလဲတတ်ပါတယ်။ ကျွန်တော်တို့ အားကစားလုပ်နေရင် စိတ်လှုပ်ရှားနေရင် မြန်လာတယ်။ သာမန်စိတ်တည်ငြိမ်ချိန်မှာတော့ နှေးကွေးစွာ ခုန်ပါတယ်။

ဒီလိုတွေးကြည့်တာ သဘာဝကျပါတယ်။ နှလုံးဟာ ကျွန်တော်တို့ရဲ့ စိတ်နေစိတ်ထားတွေအားလုံးရဲ့ အဓိက အုတ်မြစ်ဖြစ်ရမယ်။ ဒါဟာ ကျွန်တော်တို့ ရှေးလူကြီးတွေရဲ့ အဓိက စဉ်းစားမိခဲ့တဲ့ အချက်ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ စိတ်နေစိတ်ထားကောင်းတယ်ဆိုရင် နှလုံးလှတယ်လို့ ကျွန်တော်တို့ သုံးနှုန်းပါတယ်။ သတ္တိရှိတယ်ဆိုရင် အင်္ဂလိပ်လို lion-hearted မြန်မာလို ခြေင်္သေ့နှလုံးသားနဲ့လူလို့ ပြောတတ်ကြပါတယ်။ သတ္တိနည်းတယ်ဆိုရင်တော့ နှလုံးကြောင်တဲ့ကောင် စသဖြင့် သုံးနှုန်းပါတယ်။ ဒါဟာ အင်္ဂလိပ်စကားမှာဆိုရင် ပိုပြီးသိသာပါတယ်။ တစ်ခုခုကို စွဲစွဲမြဲမြဲမှတ်ထားတယ်ဆိုရင် by heart စသဖြင့် သုံးပါတယ်။ လူတစ်ယောက် စိတ်ထိခိုက်ပြီဆိုရင် heartbroken စသဖြင့် သုံးပါတယ်။ အခုတော့ ကျွန်တော်တို့ အားလုံးသိပါတယ်။ အထက်ပါအကြောင်းအရာတွေအားလုံးဟာ လူတစ်ယောက်ရဲ့ နှလုံးနဲ့ ဘာမှမဆိုင်ပါဘူး။ အသည်းကွဲတယ်ဆိုတာ အတော်ကြောင်တောင်တောင်နိုင်တဲ့ အသုံးအနှုန်းဖြစ်ပါတယ်။

တကယ်လို့ ရှေးလူကြီးတွေ တွေးသလို နှလုံးဟာ ကျွန်တော်တို့အားလုံးအတွက် အဓိကသော့ချက် ဖြစ်တယ်ဆိုရင် တစ်စိတ်တစ်ပိုင်းတော့ မှန်ပါလိမ့်မယ်။ သူဟာ ကျွန်တော်တို့ တစ်ကိုယ်လုံးမှာ လည်ပတ်နေတဲ့ သွေးလည်ပတ်မှုကို ထိန်းချုပ်ပေးနေတဲ့သူပဲဖြစ်ပါတယ်။ ကျွန်တော်တို့ သွေးဆုံးရှုံးလာပြီးဆိုရင် အားအင်တွေနည်းလာမယ်၊ များလွန်းရင် သေတဲ့အထိဖြစ်ပါတယ်။ ကျွန်တော်တို့ ရှက်လာပြီ၊ အရက်မူးလာပြီဆိုရင် ကျွန်တော်တို့ မျက်နှာတွေ နီလာတတ်ပါတယ်။ ဒါမှမဟုတ် ကြောက်လာပြီဆိုရင်တော့ သွေးတွေဟာ အရောင်ဖျော့သွားပါတယ်။

ဒါဟာ ကျွန်တော်တို့ မြန်မာစကားမှာကို သေသေချာချာသုံးနှုန်းပါတယ်။ လူတစ်ယောက် စိတ်လှုပ်ရှားပြီဆိုရင် သွေးပူလာတယ်လို့ ပြောပါတယ်။ လူတစ်ယောက်ဟာ အေးအေးဆေးဆေးနဲ့နေတတ်တယ်ဆိုရင် သွေးအေးတယ်လို့ သုံးပါတယ်။ (လူတစ်ယောက် ဘယ်လိုစိတ်မျိုးပဲဖြစ်နေနေ သူတို့ သွေးရဲ့ အပူချိန်မပြောင်းလဲဖူးဆိုတာ ကျွန်တော်တို့ အားလုံးသိပြီးဖြစ်ပါတယ်)

ဒါပေမယ့် ဦးနှောက်ဟာ ဒါတွေအတွက် ဘာတွေများလုပ်သွားလဲ။ ထင်ထင်ရှားရှား လုပ်သွားတာ ဘာမှမရှိသလိုပါပဲ။ နာမည်ကြီးဂရိတွေးခေါ်ပညာရှင်ဖြစ်တဲ့ အရစ်တိုတယ် ဟာဆိုရင် ဦးနှောက်ဟာ လူတစ်ယောက်ရဲ့ ခန္ဒာကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးပူတွေရဲ့ အပူချိန်ကို ထိန်းညှိပေးတဲ့အရာလို့ မှတ်ချက်ပေးထားပါတယ်။ ခေတ်ပေါ်စကားအရပြောမယ်ဆိုရင် သူဟာ air conditioning device တစ်ခုပေါ့။

(ဒါဟာ တက်တက်စင်အောင် လွဲပါတယ်။ အရစ်တိုတယ်ရဲ့ အတွေးအခေါ်တော်တော်များများဟာ အလွန်ကို လွဲချော်ခဲ့ပေမယ့် သူတို့ဟာ နှစ်ပေါင်း နှစ်ထောင်နီးပါး ကမ္ဘာအဝန်းလက်ခံခဲ့ကြတဲ့အရာတွေချည်းပါပဲ။ အခုဆိုရင်တော့ ကမ္ဘာကြီးရဲ့ အလုပ်လုပ်ပုံအကြောင်းကို ကျွန်တော်တို့အားလုံးက အရစ်တိုတယ်ထက် ပိုသိနေကြပါပြီ။ ဒီလိုပြောလိုက်တာက ခင်ဗျားတို့ ကျွန်တော်တို့ဟာ အရစ်တိုတယ်ထက် ပိုပြီး intelligent ဖြစ်တယ်လို့ ပြောတာလုံးဝမဟုတ်ပါဘူး။ အရစ်တိုတယ်ဟာ all time polymath တစ်ယောက်ဖြစ်တယ်ဆိုတာ အားလုံးလက်ခံထားပါတယ်။ အဖြေကတော့ ဘာလဲဆိုတော့ ကျွန်တော်တို့ဟာ အရစ်တိုတယ်ထက် နှစ်ပေါင်း နှစ်ထောင်နောက်ကျပြီး မွေးလာတယ်။ ခေတ်အဆက်ဆက်သိပ္ပံပညာရှင်တွေ လက်ဆင့်ကမ်းလာတဲ့ အသိပညာတွေကို ခံစားရပါတယ်။ ကျွန်တော်တို့ဟာ လွန်ခဲ့တဲ့ နှစ်များစွာက မွေးခဲ့တဲ့သူတွေအားလုံးထက် ပိုပြီး သိနိုင်ပါတယ်။)

ခုနက အကြောင်းကို ပြန်သွားရအောင်။ နှလုံးဟာ ကျွန်တော်တို့ရဲ့ ရင်ဘက်ထဲမှာ ရှိပါတယ်။ သူ့ကို သေသေချာချာ ကာကွယ်ပေးထားကြတယ်။ နံရိုးတွေဟာ သူ့ကို လှောင်အိမ်တစ်ခုလို အုပ်ပေးထားပါတယ်။ ဒါကို ကြည့်ရခြင်းအားဖြင့် နှလုံးဟာ ကျွန်တော်တို့ အသက်ရှင်ဖို့အတွက် အရမ်းအရေးကြီးတဲ့ အရာတစ်ခုဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့်လဲ ဒီကာကွယ်မှုဟာ မပြည့်စုံပါဘူး။ သာမန်ဓားတစ်ချောင်းဟာ နံရိုးတွေကြားကနေ နှလုံးဆီကို တည့်တည့်ဝင်သွားနိုင်ပါတယ်။

ဦးနှောက်ကတော့ အဲ့ဒီလို မဟုတ်ပါဘူး။ သူ့ကို ဦးခေါင်းခွံနဲ့ အပြည့်အဝကို ကာကွယ်ပေးထားပါတယ်။ နေရာလွတ်မရှိပါဘူး။ အရမ်းပြင်းလွန်းတဲ့ အားနဲ့သာ သူ့ကို ခွဲပြီး ထိုးဖောက်နိုင်မှာဖြစ်ပါတယ်။ ဒါဟာ အပြည့်အဝ အကာအကွယ်ပေးထားခံရတဲ့ တစ်ခုတည်းသော organ ပဲဖြစ်ပါတယ်။ နှလုံးကို သာမန်လှောင်အိမ်တစ်ခုနဲ့သာ အုပ်ပေးထားပြီးတော့ ဒီသာမန် air conditioning device တစ်ခုကို အဲ့လောက်တောင် ကာကွယ်ပေးထားတာ ဖြစ်နိုင်ပါ့မလား။

အရစ်တိုတယ်ပြီး နောက်ထပ်မျိုးစိတ်တစ်ခုမှာ ပေါ်ထွန်းခဲ့တဲ့ ဂရိ ခန္ဒာဗေဒပညာရှင် ဟီရိုဖီးလပ်စ် ကတော့ ဒီ ဦးနှောက်ဟာ လူတစ်ယောက် စဉ်းစားတွေခေါ်မှုရဲ့ အဓိက ရင်းမြစ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် သက်သေမပြည့်စုံတာချင်း အတူတူ သူ့ရဲ့ ပြောဆိုချက်ကို အားလုံးလစ်လျူရှုခဲ့ပြီးတော့ အရစ်တိုတယ်ရဲ့ air conditioning device အယူအဆကိုသာ နှစ်ပေါင်း နှစ်ထောင်နီးပါး လက်ခံခဲ့ကြပါတယ်။
၁၆၀၄ ခုနှစ်မှာတော့ အင်္ဂလိပ်လူမျိုး physician တစ်ယောက်ဖြစ်တဲ့ သောမတ်စ်ဝီလီ က ဦးနှောက်ဟာ လူ့ intelligence ရဲ့ အဓိကနေရာဖြစ်တယ်၊ သူ့မှာ အာရုံကြောတွေပါတယ်ဆိုပြီးတော့ စတင်ပြီး သိပ္ပံနည်းကျ လေ့လာခဲ့ပါတယ်။

သိပ္ပံပညာရှင်တွေ ပိုမိုပြီး သေသေချာချာ လေ့လာလေလေ ဦးနှောက်ဟာ ပိုပြီး လျှောက်ထွေးလာလေလေ ဖြစ်နေပါတယ်။ အာရုံကြောဆဲလ်ပေါင်း တစ်ဆယ်ဘီလီယံလောက်ရှိပြီး ပိုမိုသေးငယ်တဲ့ ဆဲလ်ပေါင်း ဘီလီယံရာချီပြီး ဖွဲ့စည်းထားတဲ့ အရာတစ်ခုဟာ အလေးချိန်ပေါင်း ၃ ပေါင် ခန့်သာရှိနေပါတယ်။ ကျွန်တော်တို့ ကမ္ဘာပေါ်မှာ အမြန်ဆုံးကွန်ပြူတာတစ်လုံးဟာ ဒီလို လုပ်ဆောင်မှုများပြားလှတဲ့ အရာတစ်ခု ရှုပ်ထွေးလှတဲ့အရာတစ်ခုကို မမီပါဘူး။ တစ်ချိန်မှာ ဒီလိုရှုပ်ထွေးတဲ့ ကွန်ပြူတာတစ်လုံးကို ဆောက်နိုင်လာခဲ့မယ်ဆိုရင်တောင် အဲ့ဒီလို အလေးချိန် ၃ ပေါင်လောက်သာ ရှိအောင် လုပ်နိုင်ပါ့မလား။

အဆုံးအစွန်ထိပြောရမယ်ဆိုရင်တောင် ကွန်ပြူတာမှာ binary နှစ်မျိုးပဲပါပါတယ်။ ပြီးတော့ သူတို့ရဲ့ ယူနစ်တွေဟာ on နဲ့ off စသဖြင့် နှစ်မျိုးသာဖြစ်နိုင်ပါတယ်။ ဦးနှောက်ထဲမှာ ပါတဲ့ ဆဲလ်တွေကတော့ သူတို့ရဲ့ အခြေအနေဟာ on နဲ့ off အခြေအနေနှစ်မျိုးတည်းတင်မဟုတ်ပဲ ကျွန်တော်တို့ လက်ရှိနားမလည်သေးတဲ့ လုပ်ဆောင်မှုပေါင်း များစွာရှိနေပါသေးတယ်။

အခုလက်ရှိသိသမျှထဲမှာဆိုရင်တော့ ဦးနှောက်ဟာ အရှုပ်ထွေးဆုံး အင်္ဂါတစ်ခုဖြစ်ပါတယ်။ လင်းပိုင်ဦးနှောက်များဟာလဲ အတော်အတန်ရှုပ်ထွေးပါတယ်။ ဒါပေမယ့် လူ့ဦးနှောက်ကိုတောင် မနည်းလေ့လာနေရတဲ့အတွက် လင်းပိုင်ဦးနှောက်ကို သေချာ မလေ့လာနိုင်သေးပါဘူး။ တကယ်လို့ ဂြိုဟ်သားတွေရှိမယ်ဆိုရင်လဲ သူတို့ ဦးနှောက်ဟာ ကျွန်တော်တို့ထက် အများကြီး ရှုပ်ထွေးနေမလား။
ကျွန်တော်တို့ဟာ ဦးနှောက်ကို အသုံးပြုပြီး ဦးနှောက်ကို နားလည်အောင် ကြိုးပမ်းနေကြသူများဖြစ်ပါတယ်။ တစ်စုံတစ်ခုဟာ သူ့အကြောင်းသူ နားလည်လာနိုင်မလား။ ခေတ်အဆက်ဆက် ဦးနှောက်ပေါင်းများစွာက ပူးပေါင်းပြီး ဦးနှောက်တစ်ခုကို နားလည်ဖို့ ကြိုးစားနေကြပါတယ်။ သာမန်လူတစ်ယောက်ရဲ့ ဦးနှောက်ကို လေ့လာတာအားမရလို့ အိုင်းစတိုင်းရဲ့ ဦးနှောက်ကိုပါ တစ်ခုခု ထူးခြားနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သိမ်းထားသေးလေရဲ့။ သူတို့ ဘယ်လိုပဲကြိုးစားကြိုးစား မျိုးဆက်တစ်ခုပြီးတစ်ခု အသိပညာအသစ်လေးတွေ တစ်ခုချင်းစီသာ တိုးလာနေပါတယ်။

ဒီဦးနှောက်ကပဲ လူတွေရဲ့ အချစ်၊ အမုန်း၊ ကောင်းမွန်မှု၊ ယုတ်ညံ့မှုတို့ကို ဖန်တီးနေပါတယ်။ တစ်ချိန်ချိန်မှာ သူ့ကို သေသေချာချာ နားလည်သွားပြီးတော့ constructive ဖြစ်တဲ့လူကို ဘယ်လိုပျိုးထောင်မလဲ၊ destructive ဖြစ်မယ့်လူကို ဘယ်လို ကိုင်တွယ်မလဲ နည်းလမ်းတွေ ရလာနိုင်မလား။ လူသားမျိုးနွယ်အနာဂတ်အတွက် အားထုတ်နေရတဲ့အထဲမှာ အာကာသလေ့လာရေးတင်မကပဲ ဦးနှောက်လေ့လာရေး (neuroscience) ကပါ အရမ်းအရေးကြီးတဲ့ အခန်းကဏ္ဌက ပါဝင်နေပါတယ်လို့ အာကာသအကြောင်းများသာ အရေးများသူတစ်ဦးက ရေးသားလိုက်ရပါတယ်။

 

Comments
Thar Htet Aung
Be my friend

Thar Htet Aung

Blogger at Curiosity
Hey, I’m Thar Htet, founder of Curiosity. I’m a blogger and technical expert(Engineering and Information & Technology) living in Yangon Region, Myanmar (Burma) holding the Bachelor Degree of Engineering. I am a fan of technology, entrepreneurship, and politics. I’m also interested in astronomy and education.
Thar Htet Aung
Be my friend