မနေ့က အောက်တိုဘာ ၁၉ ရက်နေ့မှာ Google ကိုဖွင့်ကြည့်လိုက်ရင် အားလုံးပဲ သတိထားမိမှာပါ။ အဲ့ဒါကတော့ ချန်ဒရေစေခါ ဆိုတဲ့ အိန္ဒိယလူမျိုး သိပ္ပံပညာရှင်တစ်ယောက်ပါပဲ။ သူ့ကို ၁၉၁၀ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့မှာ မွေးဖွားခဲ့ပြီးတော့ သူဟာ ခေတ်သစ် နက္ခဗေဒပညာရပ်ကို တစ်ဖန်ဆန်းသစ်စေသူများထဲမှာ အဓိကအခန်းက ပါဝင်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။

ချန်ဒရေစေခါ ကန့်သတ်ချက်

ရုတ်တရတ်ထပေါက်ကွဲခြင်းနဲ့ အတင်းမာဆုံးအခြေအနေတစ်ခုကြားမှာ ခွဲခြားထားတဲ့ မျဉ်းတစ်ကြောင်းရှိပါလိမ့်မယ်။ ဒီမျဉ်းဟာ ကြယ်တွေမှာလဲ ရှိပါတယ်။ ကြယ်တွေအတွက် ဒီမျဉ်းကိုတော့ ချန်ဒရေစေခါ ကန့်သတ်ချက်လို့ခေါ်ပါတယ်။ ဒါကတော့ ကြီးကျယ်ခန်းနားစွာ ပေါက်ကွဲပြခြင်း နဲ့ တည်တည်ငြိမ်ငြိမ်တည်ရှိသွားခြင်း ကြားမှာ ကန့်သတ်ထားခြင်းဖြစ်ပါတယ်။ စကြဝဠာအတွင်းမှာတော့ ဒီမျဉ်းဟာ အရမ်းကို အရေးပါပါတယ်။ ဒီကန့်သတ်ချက်ကို ကျော်လွန်မှသာ စကြဝဠာအနှံ့ အခြားအရာများ၊ သက်ရှိများ ဖြစ်ပျက်လာရပါတယ်။

ချန်ဒရေစေခါ ကန့်သတ်ချက်ဆိုတာကတော့ ဆူဘရာမေရန် ချန်ဒရေစေခါ (Subrahmanyan Chandrasekhar) ကို အစွဲပြုပြီး ပေးထားခြင်းဖြစ်ပါတယ်။ သူဟာ သူ့အသက် ၂၀ မတိုင်ခင်မှာ ရူပဗေဒဘွဲ့ကို ရရှိခဲ့ပါတယ်။ ပြီးတော့ အိန္ဒိယ အစိုးရက ပေးအပ်တဲ့ စကော်လာရှစ် ရရှိပြီးတော့ အင်္ဂလန်က ကမ်းဘရချ်တက္ကသိုယ်ကို တက်ရောက်ခွင့်ရရှိခဲ့ပြီး ၁၉၃၀ ခုနှစ်ဆောင်းအစမှာ အင်္ဂလန်သွားဖို့ သင်္ဘောကို စစီးခဲ့ပါတယ်။ ပြီးတော့ သူ့အသက် ၂၀ မပြည့်ခင် အဲ့ဒီ အင်္ဂလန်သွားတဲ့ အဲ့ဒီသင်္ဘောပေါ်မှာ သူ့ နိုဘယ်ဆုရရှိစေမယ့် အရာတစ်ခုကို တွက်ထုတ်ခဲ့ပါတယ်။

အဲ့ဒီအချိန်မတိုင်ခင် ဆယ်စုနှစ်တစ်ခုခန့်က ၁၉၂၀ ပြည့်နှစ်များမှာ သိပ္ပံပညာရှင်များက Sirius ကြယ်ကို လှည့်ပတ်နေတဲ့ Sirius B ဆိုတဲ့ ကြယ်ဖြူပုတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီ Sirius B ဟာ အလွန်သိပ်သည်းဆများပြားပြီး နေရဲ့ သိပ်သည်းဆထက် အဆပေါင်း သန်းချီပြီး ပိုပါတယ်။ ဒီလောက်သိပ်သည်းတဲ့ အရာတစ်ခုဖြစ်နိုင်ဖို့ဆိုရင် သူ့ကို ဖွဲ့စည်းထားတဲ့ အက်တမ်များဟာ နေရာလွတ်များ မရှိလောက်အောင်ကို ဖိနှိပ်ခံထားရတဲ့ သိပ်သည်းဆ ရှိရပါမယ်။

ကွမ်တမ်သီအိုရီစတင်မပေါ်ထွန်းခင်က ဆွဲငင်အားအပြင် ကြယ်တွေကို ထိန်းညှိပေးထားတဲ့ အခြားအားတစ်ခုရှိမယ်ဆိုတာကို သိပ္ပံပညာရှင်တွေ မသိရှိခဲ့ကြပါဘူး။ ကွမ်တမ်သီအိုရီထွက်လာပြီးတဲ့ နောက်မှာတော့ ကြယ်များဟာ ဒီဆွဲငင်အားအောက်မှာ ပြိုလဲပြီး ကျုံ့ဝင်မသွားနိုင်အောင် အခြားအားတစ်ခုက ထောက်ပံပေးနေတယ်ဆိုတာကို သိလာပါတယ်။ ကွမ်တမ်သီအိုရီရဲ့ နိယာမများအရ အလက်ထရွန်နှစ်လုံးဟာ အလုံးစုံ တူညီတဲ့ အခြေအနေတစ်ခုမှာ အတူတူ ပူးတွဲတည်ရှိမနေနိုင်ပါဘူး။ ခုနကပြောခဲ့တဲ့ Sirius B လိုမျိုး အလွန်သိပ်သည်းဆများပြားတဲ့ ကြယ်များမှာဆိုရင် အချို့သော အလက်ထရွန်များဟာ စွမ်းအင်နည်းရာကနေ များရာကို တွန်းပို့ပေးခြင်းခံနေရပါတယ်။ ဒီလိုတွန်းပို့နေစဉ်မှာ electron degeneracy pressure လို့ခေါ်တဲ့ ဖိအားတစ်မျိုးကို ထုတ်လွှတ်ပေးနေပါတယ်။ ဒီဖိအားက ဆွဲငင်အားကို တောင့်ခံပြီးတော့ အဲ့ဒီကြယ်ကို ကျံု့ဝင်မသွားစေပဲ ဆက်လက် တည်မြဲစေပါတယ်။

ဒီအချက်ကို တွေ့ရှိခဲ့သူကတော့ ရက်ဖ် ဖောင်လာ (Ralph Fowler) ဆိုတဲ့သူဖြစ်ပြီး နောက်ပိုင်းမှာ သူက ချန်ဒရေစေခါ ရဲ့ ဆရာတစ်ယောက်ဖြစ်လာပါတယ်။ ဒါပေမယ့် ချန်ဒရေစေခါဟာ ဖောင်လာရဲ့ အားနည်းချက်ကို သတိထားမိခဲ့ပါတယ်။ ဒီစွမ်းအင်မြင့်မားတဲ့ အလက်ထရွန်များဟာ အလင်းအလျင်နဲ့ လှုပ်ရှားနေကြမှာဖြစ်တာကြောင့် နှိုင်းရသီအိုရီနဲ့ တွက်ချက်တဲ့အခါမှာ အရမ်းကို ကွာခြားတဲ့ အဖြေများ ထွက်လာစေနိုင်ပါတယ်။ ဒီ relativistic effect များကို ထည့်ပြီးတွက်ချက်ကြည့်တဲ့အခါမှာတော့ အခြားအဖြေတစ်ခုကို ရလာပါတယ်။ electron degeneracy pressure ဆက်လက်ဖြစ်တည်ဖို့အတွက် ကန့်သတ်ချက်တစ်ခုရှိနေပါတယ်။ အဲ့ဒီကန့်သတ်ချက်ကို ကျော်လွန်သွားပြီဆိုတာနဲ့ အဲ့ဒီ ကြယ်ဟာ ဆွဲငင်အားရဲ့ ထိန်းချုပ်မှုအောက်မှာ ဆက်လက်ရှိမနေတော့ပဲ ကွဲထွက်လာပါလိမ့်မယ်။ ဒီကန့်သတ်ချက်ကို ချန်ဒရေစေခါ ကန့်သတ်ချက်လို့ ခေါ်ပါတယ်။

Chandrasekhar

ဒီရလာဒ်ကို သူက ၁၉၃၁ ခုနှစ်မှာ မိတ်ဆက်လိုက်ချိန်မှာ အဲ့ဒီခေတ်ရဲ့ အကြီးကျယ်ဆုံး astrophysicist တွေထဲက တစ်ယောက်ဖြစ်သူ ဆာ အာသာ အက်ဒင်တန် နဲ့ တိုက်ပွဲဝင်ခဲ့ရပါတယ်။ အက်ဒင်တန် က အဲ့ဒီ Sirius B လိုမျိုး ကြယ်ဖြူပု အခြေအနေဟာ ကြယ်များအားလုံးရဲ့ မလွဲမသွေဖြစ်လာမယ့် နောက်ဆုံးအခြေအနေပဲလို့ ယုံကြည်ထားပါတယ်။

ဒါပေမယ့် သူတို့နှစ်ဦးဟာ ယုံကြည်ချက်မတူသော်လည်း သိပ္ပံသမားများပီပီ သဘောထားကြီးကြပြီး တစ်သက်လုံး သူငယ်ချင်းများအဖြစ် တည်ရှိသွားကြပါတယ်။ ၁၉၄၄ ခုနှစ်မှာ အက်ဒင်တန် ကွယ်လွန်ပြီး သူ့နာရေးမှာ ချန်ဒရေစေခါ က အောက်ပါအတိုင်းပြောကြားခဲ့ပါတယ်။
အက်ဒင်တန်ဟာ မြင့်မားတဲ့ သဘောထားရှိသူတစ်ယောက်ဖြစ်တယ်ဆိုတာကို သူ့ကို ရင်းနှီးတဲ့ လူတိုင်းသိပါလိမ့်မယ်။ သူဟာ တစ်ခြားလူကို ရင့်ရင့်သီးသီး ဘယ်တုန်းကမှ မပြောဖူးပါဘူး။ ဒါကြောင့်လဲ ကျွန်တော်ဟာ သူနဲ့ အခုလို သိပ္ပံအကြောင်းအရာများအပေါ်မှာ လွယ်ကူစွာ လွတ်လွတ်လပ်လပ် သဘောထားကွဲလွဲနိုင်ခြင်းဖြစ်ပါတယ်။”

ချန်ဒရေစေခါ ရဲ့ ဒီသီအိုရီကို အတည်ပြုချက်ဟာ ၁၉၈၃ ခုနှစ်မှာ သူဒီအတွက် နိုဘယ်ဆု ရရှိတာနဲ့အတူ ပါလာပါတယ်။ ချန်ဒရေစေခါ ကန့်သတ်ချက်ဆိုတာကတော့ ကျွန်တော်တို့ နေရဲ့ mass ထက် ၁.၄ ဆရှိတဲ့ mass ပဲဖြစ်ပါတယ်။ ဒီအလေးချိန်ထက် နည်းတဲ့ ကြယ်ဖြူပုများဟာ ထာဝရ ကြယ်ဖြူပုများအဖြစ်သာ တည်ရှိသွားမှာ ဖြစ်ပါတယ်။ ဒီထက် ကြီးမားတဲ့ အလေးချိန်ရှိတဲ့ ကြယ်များကတော့ ဆူပါနိုဗာ ပြင်းထန်စွာ ပေါက်ကွဲသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ဆူပါနိုဗာနဲ့ ကွဲသွားပြီဆိုရင်တော့ နောက်ဆက်တွဲဖြစ်ရပ်များပါ တစ်ဆက်တည်းဆက်ဖြစ်လာပြီးတော့ သက်ရှိများဖြစ်ထွန်းခြင်းအပေါ်ပါ အကျိုးသက်ရောက်မှုတွေ ရှိလာပါတယ်။

ကြယ်တစ်လုံးရဲ့ သက်တမ်းအကြောင်းကို အကြမ်းဖျဉ်း ရှင်းပြနိုင်ပါတယ်။ ကြယ်များဟာ သာမိုနျူကလီးယား ပေါင်းစပ်ခြင်းဖြစ်စဉ်များနဲ့ အသက်ရှင်နေကြပါတယ်။ အလေးချိန်များပြားတဲ့အရာများရဲ့ ဆွဲငင်အားဟာ ကြီးမားပါတယ်။ သာမိုနျူကလီးယား ဖြစ်စဉ်ဟာ ဖောင်းပွစေပါတယ်။ ကြယ်များဟာ ဒီလိုအတွင်းကျံု့ဝင်ခြင်းနဲ့အပြင် ဖောင်းပွခြင်းဖြစ်စဉ်နှစ်ခုကြား equilibrium မှာ တည်ရှိနေပါတယ်။ ပူစီပေါင်း တစ်လုံးလိုပါပဲ။ ရာဘာသားက အတွင်းကို ပြန်လည်ကျံု့ဝင်နေစေပေမယ့် အတွင်းက လေရဲ့တွန်းကန်အားက ဆက်ပြီး ထိန်းပေးထားပါတယ်။

ကြယ်အတွင်းက သာမိုနျူကလီးယားဖြစ်စဉ်များမှာ ဟိုက်ဒရိုဂျင်မှ ဟီလီယံ၊ ဟီလီယံမှ ကာဗွန်၊ စသဖြင့် ပိုမိုလေးလံတဲ့ element များကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် ဒီဖြစ်စဉ်ဟာ သံထက် ပိုမိုလေးလံတဲ့ element များကို မဖြစ်ပေါ်စေနိုင်ပါဘူး။ ဆူပါနိုဗာ ပေါက်ကွဲမှုများကသာ အခြားသော ပိုမိုလေးလံတဲ့ element များဖြစ်တဲ့ ကော့ပါး၊ ငွေ၊ ရွှေ နဲ့ အခြား သက်ရှိများအတွက်အရေးပါတဲ့ element များကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ သွေးထဲက သံဓာတ်များ၊ အရိုးထဲက ကယ်ဆီယမ်ဓာတ်များ၊ အသားထဲက ကာဗွန်များဟာ ဒီကနေ မိုင်သန်းပေါင်းများစွာ ဝေးကွာတဲ့ ကြယ်တွေဆီက ရလာခြင်းပဲဖြစ်ပါတယ်။

ပေါ့ပါးတဲ့ ကာဗွန်၊ အောက်ဆီဂျင်၊ နိုက်ထရိုဂျင် အစရှိတဲ့ element များဟာ သက်ရှိများအတွက် မဖြစ်မနေလိုအပ်ပါတယ်။ ဒါပေမယ့် ဆူပါနိုဗာကြောင့်သာမဟုတ်ရင် သူတို့ဟာ ကြယ်ဖြူပုများအတွင်းမှာသာ အောင်းနေပါလိမ့်မယ်။

ချန်ဒရေစေခါ ကန့်သတ်ချက်ဟာ ကြယ်ဖြူပုတစ်လုံးရဲ့ အလေးချိန်ကန့်သတ်ချက်ဆိုတာထက်ပိုပါတယ်။ သူဟာ ကျွန်တော်တို့လူသားတွေ၊ သတ္တဝါတွေ၊ လူတွေလည်ပင်းမှာ ဆွဲထားတဲ့ ရွှေဆွဲကြိုးတွေ၊ လှပတဲ့ ကျောက်ဆောင်တွေ၊ ဘာကြောင့် တည်ရှိနေရသလဲဆိုတာကိုပါ အဖြေပေးထားခြင်းဖြစ်ပါတယ်။ တကယ်တော့ ကြယ်များဟာ ဆူပါနိုဗာလို့ခဲ့တဲ့သူတို့ရဲ့ သေခြင်းတရားကို လှပစွာအလင်းရောင်ပေး ဆင်နွဲပြီးတော့ သက်ရှိများ ရှင်သန်နိုင်အောင် အစွမ်းကုန်ပေးစွမ်းသွားသူများ ဖြစ်ပါတယ်။

 

Comments
Thar Htet Aung
Be my friend

Thar Htet Aung

Blogger at Curiosity
Hey, I’m Thar Htet, founder of Curiosity. I’m a blogger and technical expert(Engineering and Information & Technology) living in Yangon Region, Myanmar (Burma) holding the Bachelor Degree of Engineering. I am a fan of technology, entrepreneurship, and politics. I’m also interested in astronomy and education.
Thar Htet Aung
Be my friend