ဒေါက်တာမြင့်မြင့်ခင်ရဲ့ ဒုတိယအကြိမ်မြောက် သိပ္ပံစာပေဆုပေးပွဲကို မေလ ရ ရက်နေ့က ကျင်းပပြုလုပ်သွားပြီး Curiosity မှ လက်ခံရယူခဲ့ပါတယ်။ အဆိုပါပွဲမှာ Curiosity အဖွဲ့ကိုယ်စားပြောကြားခဲ့တဲ့ ကိုသာထက်အောင်ရဲ့ ကျေးဇူးတင်စကားကို အောက်ပါအတိုင်း ဖတ်ရှုနိုင်ပါတယ်။


အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်ကတော့ Curiosity အဖွဲ့ဝင်တစ်ဦးဖြစ်သူ သာထက်အောင်ပဲဖြစ်ပါတယ်။ အခုလို ကျွန်တော်တို့ Curiosity ကို ဂုဏ်ပြုပေးတဲ့အတွက် ကျွန်တော်တို့ အဖွဲ့သားများအားလုံး ကိုယ်စား ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ အခုဆိုရင် ကျွန်တော်တို့ Curiosity ဆိုပြီး မြန်မာပြည်က သိပ္ပံစိတ်ဝင်စားသူ လူငယ်များ စုစည်းမိနေတာ အချိန်ကာလ ၃ နှစ်ထဲကို ရောက်လာပြီဖြစ်ပါတယ်။ ဒီကြားထဲမှာ ပြည်တွင်းမီဒီယာအချို့ထဲမှာ ကျွန်တော်တို့အကြောင်း အကြိမ်အနည်းငယ်ခန့်ပါဖူးပေမယ့် အခုလို အခန်းအနားနဲ့ အသိအမှတ်ပြုပြီး သီးသန့်ဂုဏ်ပြုခံရတာကတော့ ဒါပထမဆုံးအကြိမ်ပဲဖြစ်ပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ အဖွဲ့ဝင်များထဲက စတင်တည်ထောင်ချိန်ကတည်းက ပါဝင်သူအချို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူတို့ကတော့ ကိုကျော်စွာလင်း၊ ကိုညဏ်ဟိန်းအောင်နဲ့ နောက်ဆုံး ကျွန်တော် ကိုသာထက်အောင်တို့ပဲဖြစ်ပါတယ်။

ကျော်စွာလင်းဟာ အသက် ၂၃နှစ်ရှိပြီဖြစ်ပြီး၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်မှာ တက်ရောက်နေတဲ့ ဆေးကျောင်းသားတစ်ဦးဖြစ်ပြီး၊ အခု အလုပ်သင်ဆရာဝန် သင်တန်းဆင်းလျက်ရှိပါတယ်။ အသက် ၂ဝမှစပြီး သိပ္ပံပညာရပ်ဆိုင်ရာ ဘာသာပြန်နဲ့ မှီငြမ်း ဆောင်းပါးများ၊ စာစီစာကုံးများ ရေးသားခဲ့ပါတယ်။ သူ့ရဲ့ဆောင်းပါးများကို ဂျာနယ်သုံးခမှာ ဖော်ပြခံရဖူးပါတယ်။ Barcamp 2015 မှာ ‘ဇီဝဆင့်ကဲပြောင်းလဲမှုကို မိတ်ဆက်ခြင်း’ နဲ့ ‘သက်ရှိဇီဝ၏ ဘူမိသမိုင်းကြောင်း’ ခေါင်းစဉ်နှစ်ခုကို ဦးဆောင်ဆွေးနွေးဖူးပါတယ််။ Curiosity Science Magazine ရဲ့ ပထမစာစောင်တည်းက ဆောင်းပါးများ ရေးသားခဲ့ပါတယ်။ နောက်မှာ Magazine ကို ပူးတွဲတည်ထောင်သူ အဖွဲ့ဝင် အဖြစ် ပါဝင်လာခဲ့ပြီး၊ စာစောင်များ ထုတ်ဝေတဲ့ တစ်လျှောက် စာမူတည်းဖြတ်မှုနှင့် မဂ္ဂဇင်းဖွဲ့စည်းပုံများကို စီစဉ်ကြပ်မတ်ပေးခဲ့ပါတယ်။ Curiosity Magazine မှာ ဆောင်းပါး အပုဒ် ၃ဝခန့် ရေးသားခဲ့ပြီးဖြစ်ကာ၊ ဇီဝဗေဒနဲ့ ဆေးပညာရပ်ဆိုင်ရာ အကြောင်းအရာများကို အထူးပြုရေးသားပါတယ််။

ကိုဉာဏ်ဟိန်းအောင်ဟာ အသက် ၂၄ နှစ်ရှိပြီး မြန်မာနိုင်ငံရေကြောင်းတက္ကသိုလ်ကနေ ရေကြောင်းအင်ဂျင်နီယာဘွဲ့ကိုရရှိခဲ့ပါတယ််။ Curiosity Science Magazine ကို ပူးတွဲတည်ထောင်သူအဖြစ်ဆောင်ရွက်ခဲ့ပြီး ပထမစာစောင်မှစတင်ကာ ဆောင်းပါးများရေးသားခဲ့ကာ စာမူတည်းဖြတ်မှုနဲ့ လူမှုကွန်ယက်စာမျက်နှာများကို ထိန်းသိမ်းကိုင်တွယ်ခြင်းတာဝန်များကို ထမ်းဆောင်နေပါတယ်။ သိပ္ပံသမိုင်း နဲ့ နည်းပညာဗဟုသုတအကြောင်းများကို အထူးပြုရေးသားပါတယ်။

ကျွန်တော် သာထက်အောင်ကတော့ အသက် ၂၄ နှစ်ရှိပြီး မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ကနေ အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်ကစတင်ပြီး သိပ္ပံအချက်အလက်များကို အင်တာနက်ပေါ်က စတင်ဝေမျှခဲ့ပြီး ၂၀၁၄ ခုနှစ် ဘားကမ့် မှာ Are we alone in the Universe ဆိုတဲ့ ခေါင်းစဉ်နဲ့ ကမ္ဘာအပြင်အခြားတစ်နေရာမှာ သက်ရှိများ ရှိဦးမလားဆိုတာကို ဆွေးနွေးခဲ့ပါတယ်။ အဲ့ဒီ ဆွေးနွေးပွဲမှာ လာရောက်နားထောင်ကြတဲ့ သူတွေထဲက ဝါသနာတူရာများနဲ့ စကားပြောဆိုမိပြီးတော့ အခုလို Curiosity Science Magazine ဆိုတဲ့ အမည်နဲ့ မဂ္ဂဇင်းစတင်ထုတ်ဝေဖို့ကြိုးစားနိုင်ခဲ့ပါတယ်။ ကိုညဏ်ဟိန်းအောင်နဲ့က ကျောင်းတူတဲ့အတွက် အစောကတည်းကသိကြပြီး ကိုကျော်စွာလင်းနဲ့ကတော့ အင်တာနက်ကတစ်ဆင့် ချိတ်မိခဲ့ကြပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့လို ဝါသနာတူလူငယ်များ၊ ရည်ရွယ်ချက်တူသူ လူငယ်များစုစည်းပြီးတော့ ၂၀၁၄၊ ဂျွန်လမှာ Curiosity Science Magazine Issue 1 ကို စတင်ထုတ်ဝေနိုင်ခဲ့ပါတယ်။ လက်ရှိမှာ စာမူများစုစည်းခြင်း၊ contributor များ ဖိတ်ခေါ်ခြင်း၊ အဖွဲ့ဝင်များဖိတ်ခေါ်ခြင်း နဲ့ Website တို့ကို တာဝန်ယူထားပါတယ်။ ရေးသားတဲ့ စာပေအမျိုးအစားများကတော့ လူအများသိပ္ပံစိတ်ဝင်စားလာအောင် ရသဖက်ပြီးရေးတဲ့ သိပ္ပံအက်ဆေးများ၊ နက္ခတရူပေဗေဒ (Astrophysics) များအကြောင်းကို အရေးများပါတယ်။

ဟုတ်ကဲ့။ ပြီးရင် ကျွန်တော်တို့ မဂ္ဂဇင်းများအကြောင်းကို ကိုကျော်စွာလင်းက အသေးစိတ်ရှင်းပြပါလိမ့်မယ်။ လောလောဆယ်မှာတော့ ကျွန်တော်က လက်ရှိ ကျွန်တော်တို့ လူငယ်များကြားမှာ ဖြစ်ပျက်နေတဲ့ သိပ္ပံအသိညဏ်ပိုင်းဆိုင်ရာ အခြေအနေများ၊ အခက်အခဲများကို ဒီက ဝါရင့် ဆရာဆရာမကြီးများအကြောင်းကို ပြောပြလိုပါတယ်။ အခုလို စမတ်ဖုန်းတွေခေတ်စားလာတဲ့ခေတ်မှာ ကျွန်တော်တို့လူငယ်များဟာ စာအုပ်တစ်အုပ်ကို လက်မှာကိုင်ပြီး ဖတ်နေတာထက်စာရင် ဖုန်းတစ်လုံးကို လက်မှာထိုင်ပြီး ပွတ်နေတာများပါတယ်။ အဲ့ဒီအတွက် စာပေလောကဟာလဲ digital ပိုင်းကို အလိုလို လိုက်ရွေ့လာကြပါတယ်။

အခုလို အခြေအနေများပြောပြရာမှာ ပထမဆုံးကျွန်တော်ပြောပြချင်တဲ့အကြောင်းအရင်းကတော့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ကျွန်တော်ရရှိခဲ့တဲ့ အီးမေးလ်တစ်စောင်အကြောင်းပါပဲ။ ၂၀၁၆ ခုနှစ်အစောပိုင်းလောက်က ဖြစ်ပါလိမ့်မယ်။ ပေးပို့သူဟာ လူငယ်ပါပဲ။ သူဟာ မန္တလေးက ရူပဗေဒကျောင်းသားတစ်ဦး ဖြစ်ပုံရပါတယ်။ အီးမေးလ်ထဲမှာသူပြောထားတာက သူဟာ နဲ့ ကျောင်းပြီးထားသူတစ်ယောက်ဖြစ်ပြီး ကျွန်တော့်ကို သိပ္ပံနဲ့ပတ်သတ်ပြီး အနည်းငယ် ပြောပြစရာ၊ သင်ပြစရာတွေရှိနေတယ်လို့ ရေးထားပါတယ်။ (ကျွန်တော် အနည်းငယ်တော့ သက်ပြင်းချမိလိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ လူတိုင်းဆီမှာ ကျွန်တော်မသိတဲ့ တစ်စုံတစ်ရာ အမြဲရှိနေမယ်လို့ယုံကြည်ပြီး အဲ့ဒီအရာကို သင်ယူဖို့လဲ အမြဲပြင်ဆင်ထားပါတယ်။ အဲ့ဒါကြောင့် ကျွန်တော် အီးမေးလ်ကို ဆက်ဖတ်ပါတယ်။)

သူဟာ ကျွန်တော်တို့ Curiosity ရဲ့ Issue တစ်ခုခုထဲက ကျွန်တော့်ရဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ရှုထားပါတယ်။ အဲ့ဒါကတော့ The Origins of the Universe ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးပဲဖြစ်ပါတယ်။ အဲ့ဒီဆောင်းပါးထဲမှာ ကျွန်တော်ဟာ စတီဖန်ဟော့ကင်းရဲ့ ကမ္ဘာကျော် Brief History of Time ကို အများကြီး မှီငြမ်းထားပြီး အခြား ခေတ်ပေါ် အင်တာနက်ဆောင်းပါးများကိုလဲ မီငြမ်းထားပါတယ်။ အဲ့ဒီအထဲမှာ ကျွန်တော်က သိပ္ပံပညာက အမှန်တရားဆီကို ရောက်အောင် ဘယ်လို တိတိကျကျသွားနိုင်ကြောင်းကို ရေးသားထားပါသေးတယ်။ အဲ့ဒီအချက်က အဆိုပါ ရူပဗေဒ literate ကို စိတ်ထဲ စနိုးစနောက် ဖြစ်သွားစေပုံရပါတယ်။

စာထဲမှာသူရေးထားတာက သိပ္ပံပညာရှင်များဟာ ခေတ်အဆက်ဆက်အသစ်အသစ်များကို တွေ့ခဲ့ပေမယ့် အဲ့ဒီ ခေတ်အဆက်ဆက်မှာပဲ သူတို့မှားယွင်းကြောင်း သက်သေပြခံခဲ့ရပါတယ်။ သူဥပမာပေးထားတာကတော့ တစ်ချိန်က ကမ္ဘာကြီးပြားတယ်လို့ လူတွေက ယူဆခဲ့ကြတယ်။ ပြီးတော့ ကမ္ဘာကြီးဟာ စက်လုံးတစ်လုံးဖြစ်တယ်ဆိုပြီး ကမ္ဘာပြားတာကို မှားကြောင်း သက်သေပြခဲ့ပါတယ်။ အခုလဲ ကမ္ဘာဟာ စက်လုံးတစ်လုံးမဟုတ်ပဲ ဘဲဥပုံသဏ္ဍာန် ဗိုက်ပူနံကားအလုံးတစ်လုံးသာ ဖြစ်တယ်ဆိုပြီး ပြောပြန်ပါတယ်။ သူဟာ အီးမေးလ်ကို အရှည်ကြီးရေးထားပါတယ်။ ကျွန်တော်တို့ဟာ သိပ္ပံအချက်အလက်များ မျှဝေရာမှာ အများကြီး လိုအပ်မှုရှိနေသေးကြောင်းကိုလဲ ပြောထားပါတယ်။ ပြီးတော့ ဂရီက ဆိုကရေးတီးစ် ရဲ့ နာမည်ကျော်စကားဖြစ်တဲ့ “ငါဟာ တကယ်လို့ အတော်ဆုံးလူတစ်ယောက်ဖြစ်တယ်ဆိုရင် ငါဟာ ကိုယ်ဘာမှမသိဘူးဆိုတာကို သိနေတဲ့အတွက်ကြောင့်သာ ဖြစ်တယ်” ဆိုတာနဲ့ quote လုပ်သွားပါသေးတယ်။

ကျွန်တော် အဲ့ဒီအီးမေးလ်ကို သေချာပြန်ပါတယ်။ ကျွန်တော်ပြန်တဲ့စာများကတော့ “ကို ……. ခင်ဗျား… ကမ္ဘာကြီးပြားတယ်လို့ လူတွေထင်ကြတုန်းက သူတို့ဟာ မှားခဲ့ပါတယ်။ ကမ္ဘာကြီးဟာ စက်လုံးကြီးဖြစ်တယ်လို့ ထင်ကြတုန်းကလဲ သူတို့ဟာ မှားပြန်ပါတယ်။ ဒါပေမယ့် ကမ္ဘာပြားတာနဲ့ ကမ္ဘာလုံးတာ အဲ့ဒီအမှားနှစ်ခုလုံးဟာ အဆင့်အတန်းတူတဲ့အမှားတွေဖြစ်တယ်ဆိုပြီး အစ်ကိုက တန်းသွားညှိမယ်ဆိုရင်တော့ အစ်ကို့အမြင်က သူတို့နှစ်ဖက်လုံးထက် ပိုပြီး မှားမယ်လို့ထင်ပါတယ်” ဆိုပြီး စာပြန်ခဲ့ပါတယ်။
အခုဒီကိစ္စမှာကြည့်မယ်ဆိုရင် အဓိကပြဿနာကဘာဖြစ်သွားသလဲဆိုတော့ မှန်တယ်၊ မှားတယ် ဆိုတဲ့အရာ နှစ်မျိုးတည်းရှိပြီး သူတို့ကြားထဲမှာ ဘယ်အခြေအနေမှ ရှိမနေတော့ဘူးလို့ ယူဆခဲ့ခြင်းပါပဲ။ မှန်တယ် မှားတယ်ကို absolute အဖြစ် ယူဆလိုက်ပါတယ်။ သူတို့ဟာ သိပ္ပံအကြောင်းအရာတစ်ခုကိုတွေ့ပြီဆိုရင် သေချာလေ့လာခြင်းမပြုပဲ အပေါ်ယံလေ့လာပြီး ဝေဖန်မှုများကို စတင်လုပ်ပါတယ်။ ဒါဟာလဲ မကောင်းတဲ့အချက်တော့မဟုတ်ပါဘူး။ သိပ္ပံပညာဟာ သံသယစိတ်နဲ့ ချင့်ချိန်ပြီး ကြိုက်သလိုမေးခွန်းပြန်ထုတ်ဖို့ ခွင့်ပြုထားတဲ့ တစ်ခုတည်းသော နယ်ပယ်ပဲ ဖြစ်နေလို့ပါပဲ။ သက်သေပြမှုပေါင်းများစွာ၊ စမ်းသပ်ချက်များစွာကို ဖြတ်ကျော်ပြီးသား သိပ္ပံ အချက်အလက်တစ်ခုကို လက်မခံလို့လဲ ဘာမှတော့ မဖြစ်ပါဘူး။ ကိုယ့်အတွက် အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် အခုလို ၂၁ ရာစုမှာ လူအတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို တွန်းပို့လိုက်သလို ဖြစ်သွားရုံပါပဲ။

ဒီအကြောင်းအရာတင် မဟုတ်ပါဘူး။ စကြဝဠာဟာ big bang ဆိုတဲ့ ဖြစ်ရပ်နဲ့ စတင်ဖြစ်ပေါ်လာတယ်ဆိုတဲ့ အကြောင်းအရာတွေ၊ evolution ဆိုတဲ့မျိုးဆင့်ပြောင်းလဲခြင်းအကြောင်းအရာတွေနဲ့ ပတ်သက်ပြီးလဲ ကျွန်တော်တို့ မေးခွန်းများ အမြဲပြန်လည် မေးခံရပါတယ်။ တစ်ချို့သော မေးခွန်းများဟာ အရမ်းကို Idiotic ဆန်ပါတယ်။ ဥပမာ.. မျောက်မကြီးတစ်ကောင်က လူလေးတစ်ယောက်ကို ပြွတ်ဆိုပြီး မွေးပြမှ ငါ evolution ကို ယုံနိုင်မယ်… ဆိုတာမျိုးတွေပါ ပါလာပါတယ်။ ဒီနေရာမှာ သူတို့ဟာ လူတွေဟာ မျောက်က ဆင်းသက်လာတယ်ဆိုတဲ့ အချက်တစ်ချက်တည်းကိုသာ ရွေးပြီး စဉ်းစားပါတယ်။ သူတို့ဟာ နှစ်ပေါင်း ၂၅ သန်းဆိုတဲ့ အချိန်ကာလကို မစဉ်းစားကြပါဘူး။ ဟုတ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ သန်းတုန်းက ကျွန်တော်တို့ရဲက ancestors တွေက မျောက်တွေနဲ့ တူရင် တူပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ အခုမြင်တွေ့နေရတဲ့ မျောက်တွေကနေ တိုက်ရိုက်ဆင်းသက်လာခြင်းမဟုတ်ပါဘူး။ အခုမြင်နေရတဲ့ မျောက်တွေနဲ့ ကျွန်တော်တို့လူသားများဟာ တူညီတဲ့ ဘုံမျိုးနွယ်စုတစ်စုကနေပြီးတော့ ကိုင်းခွဲပြီးဆင်းသက်လာခြင်းဖြစ်ပါတယ်။ ဒီအချက်ဟာလဲ တစ်ချို့သော ကိစ္စတွေလို ထင်ကြေးနဲ့ ပါးစပ်ရာဇဝင်နဲ့ ပြောကြတဲ့ကိစ္စတွေမဟုတ်ပဲ စမ်းသပ်မှုပေါင်းများစွာနဲ့ အတည်ပြုထားတဲ့ အချက်တွေပဲဖြစ်ပါတယ်။ အထဲမှာရှိတဲ့ genetic code တွေ၊ species link တွေဟာ ငြင်းလို့မရပါဘူး။ ကျွန်တော်တို့လူသားများနဲ့ ချင်ပန်ဇီများရဲ့ DNA ဟာ ၉၉.၆ ရာခိုင်နှုန်းအထိတူပါတယ်။ မြေကြွက်နဲ့ အိမ်ကြွက်၊ (rat and mouse) အမျိုးနီးတာထက် ကျွန်တော်တို့နဲ့ ချင်ပန်ဇီတို့က ပိုပြီး အမျိုးနီးပါတယ်။

အခုလို သိပ္ပံအချက်အလက်တွေအပေါ်မှာ သူတို့ဟာ ချင့်ချိန်ပြီး မေးခွန်းတွေ (ကောင်းတဲ့မေးခွန်းဖြစ်စေ၊ idiotic ဆန်တဲ့မေးခွန်းဖြစ်စေ.. စသဖြင့်ပေါ့…) မေးတတ်ကြပေမယ့် အချို့သော ကိစ္စတွေမှာဆိုရင် မျက်စိစုံမိတ်ပြီး ယုံထားကြတဲ့ လူတွေ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အများကြီးရှိပါတယ်။

ဒါဟာ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့ဆီမှာ သိပ္ပံစာပေဟာ အရမ်းကို မဖွံ့ဖြိုးသေးတဲ့အခြေအနေတစ်ရပ်မှာ ရှိနေလို့ပါပဲ။ သိပ္ပံစာပေအတွက် စာရေးသားသူများဟာ နိုင်ငံတစ်ကာမှာ အဖွဲ့အစည်းတစ်ရပ်အနေနဲ့ သပ်သပ်ရှိပါတယ်။ သူတို့ကို တစ်နည်းအားဖြင့် Science Popularizer , Science Educator, Science Communicator စသဖြင့် ခေါ်ပါတယ်။ တကယ့် သိပ္ပံပညာရှင်ကြီးများဟာ သူတို့ရဲ့ စမ်းသပ်မှုတွေ၊ သီအိုရီတွေ၊ တွက်ချက်မှုများအပေါ်မှာ အချိန်ကုန်ပါတယ်။ သူတို့ဟာ သူတို့ရဲ့ တွေ့ရှိမှုတွေကို သာမန်ပြည်သူတွေနားလည်အောင်၊ Science education ကို basic လောက်သာရှိတဲ့သူတွေနားလည်အောင် ပြန်မပြောနိုင်ကြပါဘူး။ သူတို့အနေနဲ့ စာအရေးအသားမှာလဲ ကလောင်စွမ်းသိပ်မရှိတာဖြစ်နိုင်သလို ရှိခဲ့ရင်လဲ အဲ့ဒီအတွက် အချိန် သပ်သပ်မရှိပါဘူး။ အဲ့ဒီတော့ သိပ္ပံအသိပညာများရှိတဲ့ စာရေးဆရာများက သူတို့ရဲ့ သီအိုရီများကို ကိုယ်တိုင်လေ့လာပြီး သာမန်ပြည်သူတွေနားလည်အောင် တစ်ခြား language တစ်မျိုးနဲ့ ရေးသားကြပါတယ်။ သူတို့တွေဟာ နိုင်ငံအသီးသီးမှာ ရှိကြပေမယ့် ဒီမှာ မရှိသေးပါဘူး။

ကျွန်တော်တို့အနေနဲ့ စာအုပ်ဆိုင်တစ်ဆိုင်ကို သွားလိုက်မယ်ဆိုရင် စစ်မှန်တဲ့ သိပ္ပံအကြောင်းအရာများကို ရေးသားထားတဲ့ စာအုပ်များဟာ အလွန်အင်မတန်ကို ရှားပါးပါတယ်။ ဥပမာ.. ဆရာ ကိုတာ၊ တက္ကသိုလ်ကြယ်ပွင့်၊ စိုးစိုး (အင်္ဂပူ) အစရှိတဲ့ စာရေးဆရာကြီးများရဲ့ စာအုပ်များသာ ရှိပါတယ်။ ဒါပေမယ့် အချိုးချကြည့်မယ်ဆိုရင် အတော့်ကိုနည်းပါတယ်။ တစ်ချို့ဆိုင်တွေမှာဆို စိတ်ဝင်တစားဝယ်တဲ့သူများမရှိလို့လားမသိ လုံးဝကို ဖြုတ်ချထားတာတွေ ကျွန်တော် ကြုံဖူးပါတယ်။

စာအုပ်ဆိုင်တစ်ဆိုင်ရောက်ပြီဆိုရင် astrology ဆိုတဲ့ နက္ခတ်ဗေဒင် အကြောင်းစာအုပ်ကို ရှာရတာ အလွယ်အင်မတန်လွယ်ပါတယ်။ တကယ့် သိပ္ပံပညာဖြစ်တဲ့ astronomy (နက္ခတဗေဒ) ပညာရပ်နဲ့ ပတ်သက်တဲ့ စာအုပ်မှာတော့ မရှိသလောက် ရှားပါတယ်။ ကျွန်တော်တို့ ဒီက အပတ်စဉ်ထွက်သမျှ ဂျာနယ်တိုင်းမှာ ရ ရက်သားသမီးဟောစာတမ်း (သို့မဟုတ်) ၁၂ ရာသီဖွားဟောစာတမ်း အစရှိသည်တို့အတွက် ကော်လံတစ်ခုနဲ့ အမြဲတမ်းပါပါတယ်။ astronomy နဲ့ ပတ်သက်တဲ့ ကော်လံကိုတော့ လုံးဝကို မတွေ့ဖူးပါဘူး။

မြန်မာနိုင်ငံမှာ ဗေဒင်ဆရာများဟာ ရပ်ကွက်တိုင်းမှာ ရှိပေမယ့် astronomy ဆိုပြီး ကြယ်များအကြောင်း၊ စကြဝဠာကြီးအကြောင်း စကားစမြည်ပြောနိုင်တဲ့လူဟာ ရန်ကုန်မြို့မှာ လိုက်ရှာမယ်ဆိုရင်တောင် လက်ချိုးရေလို့ရပါတယ်။ နေဆိုတာ ကြယ်တစ်လုံးဆိုတာကို မသိတဲ့ တက္ကသိုလ် lecturer ဆရာမအချို့ကိုတောင် ကျွန်တော် မြင်ဖူးပါတယ်။

တကယ်လို့ ပွဲတစ်ခုခုကို ရောက်တဲ့အချိန် socialize လုပ်နေကြတာပဲဖြစ်ဖြစ် အဲ့လိုအချိန်မျိုးမှာ ကျွန်တော့်ကို လာမေးတာမျိုးကြံုဖူးပါတယ်။ ကျွန်တော်က ကြယ်တွေအကြောင်း စိတ်ဝင်စားတယ်ဘာညာဆိုတာကို သူသိထားပြီးလဲ ဖြစ်ပါလိမ့်မယ်။ “ညီလေးက Siggatarius ရာသီဖွားလား” ။ တစ်ခြား… “ဟိုနေ့ကတောင် အိန္ဒိယက အင်္ဂါဂြိုဟ်ကို အာကာသယာဉ်လွှတ်လိုက်ပြီနော်… တကယ်ဆို ငါတို့ နိုင်ငံနဲ့လဲ သိပ်ကွာတာမဟုတ်ဘူး။ ငါတို့ဆို ဘယ်တော့ဖြစ်မလဲမသိဘူး။” …….. အဲ့လိုမေးတဲ့လူမျိုး တစ်ခါမှ မကြံုဖူးပါဘူး။

ဟုတ်ပါတယ်။ သိပ္ပံပညာရဲ့ နယ်ပယ်တိုင်းကတော့ အနာဂတ်ကို ကြိုတင်မခန့်မှန်းနိုင်ကြပါဘူး။ ဒါပေမယ့် အချို့အရာတွေကတော့ အံ့သြစရာကောင်းလောက်တဲ့ တိကျမှုတွေနဲ့ ပြောပြနိုင်တာကို တွေ့ရပါတယ်။ တကယ်လို့ နောက်တစ်ကြိမ်နေကြပ်မှာက ဘယ်နေ့ဘယ်အချိန်လဲ သိချင်ရင် နက္ခတ်ဗေဒင်ဆရာကို သွားမေးနိုင်တယ်။ ဒါမှမဟုတ် နက္ခတဗေဒပညာရှင်ကို သွားမေးနိုင်တယ်။ နက္ခတဗေဒပညာရှင်တွေက ဘယ်နေ့ဘယ်အချိန်၊ ကမ္ဘာရဲ့ ဘယ်နေရာအစိတ်အပိုင်းမှာ ကြပ်မယ် ဆိုတာကိုပါ တိတိကျကျပြောနိုင်ပါတယ်။ အပြည့်ကြပ်မှာလား၊ partial လား။ နောင် နှစ်ပေါင်း ရာချီသည်အထိပါ တိတိကျကျ ပြောပြနိုင်ပါလိမ့်မယ်။ သူတို့မှာ တွက်ချက်စရာတွေရှိပါတယ်။

ဥပမာ လူတစ်ယောက် amaenia ဆိုတဲ့ သွေးအားနည်းရောဂါဖြစ်နေရင် ပယောဂ ဆရာဆီကို သွားပြီး ကုနိုင်သလို vitamin B ပါတဲ့ ဆေးကို မှီဝဲနိုင်တယ်။ ကလေးတစ်ယောက်ကို ပိုလီယိုမဖြစ်စေချင်ရင် ဘုရားမှာ ဆုတောင်းနိုင်သလို ကာကွယ်ဆေးထိုးနိုင်တယ်။ ဗိုက်ထဲက ကလေးလေးဟာ မိန်းကလေးလား ယောက်ျားလေးလား သိချင်ရင် အကြားအမြင်ဆရာမဆီ သွားမေးနိုင်သလို ultrasound ရိုက်ကြည့်နိုင်တယ်။ သိပ္ပံပညာကို အသုံးချကြည့်ပါ။ ယုံကြည်ပါ။ သူက တကယ်အလုပ်ဖြစ်တယ်။

ဒါပေမယ့် ကျွန်တော်တို့ဆီမှာ စောစောကပြောခဲ့သလို သိပ္ပံစာပေများဟာ နည်းတယ်ဆိုတာထက်ကို အတော်နည်းနေသေးတော့ မဖြစ်သင့်တဲ့ ကိစ္စရပ်တွေဖြစ်လာပါတယ်။ ဥပမာ… တစ်ချို့နေရာတွေမှာ မိန်းကလေးငယ်တွေဟာ hysteria ဆိုတဲ့ စိတ်ချောက်ချားမှုလွန်ကဲခြင်း ဖြစ်စဉ်ကို ကြံုတွေ့ရတတ်ပါတယ်။ သူတို့ဟာ အပျိုဖော်ဝင်ကာစအရွယ်၊ သို့မဟုတ် Menstral cycle အချိန်၊ စိတ်ဖိစီးမှုအရမ်းများနေတဲ့အချိန်မှာ ကိုယ့်စိတ်ကိုယ် မထိန်းနိုင်တဲ့ ရောဂါပဲဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ တကယ့်ဆရာဝန်နဲ့ တိတိကျကျ ကိုင်တွယ်သင့်ပေမယ့် သစ္ဆေသရဲ ပူးနေတယ်ထင်ပြီးတော့ ပယောဂဆရာဆီ ခေါ်သွားတာမျိုးတွေ တွေ့ရပါတယ်။ ဟိုရောက်တဲ့အချိန်မှာ ပယောဂဆရာက အဲ့ဒီ သနားစရာ မိန်းကလေးကို ကြိမ်လုံးနဲ့ “ဟဲ့ထွက်စမ်း… ထွက်စမ်း” ဆိုပြီး ဆော်ပါတော့တယ်။ တကယ်ကို မဖြစ်သင့်တဲ့ ကိစ္စရပ်ပါပဲ။
တစ်ခါတစ်ရံမှာ သူ့ဟာသူ ရုပဗေဒနိယာများ၊ ဓာတုဗေဒနိယာမများကြောင့် သဘာဝအတိုင်းဖြစ်တည်နေတဲ့ အရာများကို ကျွန်တော်တို့ မြန်မာလူမျိုးများဟာ ဘာသာရေးအသွင်းပြောင်းပြီး တည်ထားကိုးကွယ်မှုတွေ၊ အလှူခံမှုတွေနဲ့ လုပ်လေ့ရှိကြပါတယ်။ ဒါဟာ တစ်ခြားတိုင်းတစ်ပါးသားများအမြင်မှာ disgusting ဖြစ်စရာတစ်ခုအနေနဲ့ဖြစ်သွားပြီး တစ်ချို့အရာတွေဆို ရှက်ဖို့ကောင်းပါတယ်။ သူတို့နိုင်ငံပြန်ရောက်ရင် ဒါတွေကို အထူးအဆန်းလုပ်ပြီး သူတို့ ထိုင်ဟားတော့မှာ အသေအခြာပါပဲ။

Science popularizing လုပ်တယ်ဆိုတဲ့အထဲမှာ စာရေးနည်းတစ်မျိုးတည်းတင် လုပ်နိုင်တာမဟုတ်ပဲ အခြားနည်းလမ်းများနဲ့လဲ လုပ်နိုင်ပါတယ်။ ဥပမာ.. ရုပ်သံအစီအစဉ်၊ သီချင်းများ၊ အခြား ပန်းချီများ၊ ဟောပြောပွဲများနဲ့လဲလုပ်နိုင်ပါတယ်။ ဒီမှာ နာမည်ကြီးတဲ့ အဆိုတော်တစ်ယောက် သို့မဟုတ် သရုပ်ဆောင်တစ်ယောက်နဲ့ သိပ္ပံရုပ်သံအစီအစဉ်တစ်ခုကို တီဗီက လွှင့်ပေးနိုင်မယ်ဆိုရင် လူတွေ သေချာပေါက်ကြည့်ကြပါလိမ့်မယ်။

လာလာချင်းမှာတော့ ဟုတ်ပါတယ်။ အခက်အခဲများ ရှိပါလိမ့်မယ်။ အရှုံးခံပြီး လုပ်ရတာမျိုးလဲ ရှိချင်ရှိပါလိမ့်မယ်။ လူထုကိုယ်တိုင်က သိပ္ပံအကြောင်းအရာများထက်စာရင် အချစ်ကိစ္စ၊ ဟိုနေ့က ဝတ်မှုန်ရွှေရည်ဘာဝတ်သလဲဆိုတဲ့ ကိစ္စ.. စတဲ့အရာတွေကိုသာ စိတ်ဝင်တစားရှိကြပါတယ်။ ဒါပေမယ့်လဲ ကျွန်တော်တို့ ကြိုးစားမယ်ဆိုရင် အချိန်အတိုင်းအတာတစ်ခုရောက်လာတဲ့အချိန်မှာ Science Popularization ကို သေသေချာချာ လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။

အခုလို သိပ္ပံနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကို အဆိုတော်တွေကလဲ မဆိုပါဘူး။ ရုပ်သံအစီအစဉ်တွေလဲမရှိပါဘူး။ ပန်းချီဆရာများကလဲ မဆွဲကြပါဘူး။ စာအုပ်မှာလဲ အလွန်အင်မတန်ကို ရှားတဲ့အတွက် ကျွန်တော်ငယ်ငယ်က dictionary တစ်အုပ်ကို လက်မှာကိုင်၊ laptop ရှေ့မှာ ငုတ်တုတ်ထိုင်ပြီး ခက်ခက်ခဲခဲ ဖတ်ရှုရတဲ့ ညနေခင်း စာပေများအဆင့်သာ လျှောကျခဲ့ရပါတယ်။ တကယ်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ သိပ္ပံခေတ်ကြီးဆိုတာထဲကို ရောက်ကို မရောက်သေးပါဘူး။

ဒါပေမယ့် ကျွန်တော်တို့ ကြံုခဲ့ရတဲ့ အခက်အခဲများ (အခက်အခဲဆိုတာကတော့ အဓိကက ဘာသာစကားပါပဲ) ကို နောက် လူငယ်တွေ မကြံုတွေ့စေလိုတဲ့အတွက် အခုလို ရည်ရွယ်ချက်တူတဲ့ လူငယ်များစုစည်းပြီး မြန်မာလို ထုတ်ဝေတဲ့ အွန်လိုင်းမဂ္ဂဇင်းနဲ့ website စာမျက်နှာကို စတင်ခဲ့ရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အခုဆို ကိုယ့် profession နဲ့ကိုယ် ကိုယ်စီရှိနေပါပြီ။ ကျွန်တော်တို့ဟာ သိပ္ပံပညာရှင်ကြီးတွေ ဖြစ်လာမှာ မဟုတ်တော့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အခု အခမဲ့ ရေးသားနေတဲ့ စာပေတွေဟာ အုတ်တစ်ချပ်သဲတစ်ပွင့် အဖြစ် နောက်လူငယ်တွေ ကမ္ဘာ့အဆင့်မီ သိပ္ပံပညာရှင်ကြီးများ ဖြစ်သွားမယ်ဆိုရင် အရမ်းကို ကျေနပ်ပါတယ်။

ကျွန်တော်တို့ဟာ ငယ်ပါသေးတယ်။ အခုလက်ခံရရှိတဲ့ မြင့်မြင့်ခင်ဖောင်ဒေးရှင်းက ပေးတဲ့ Scientific Literacy Award ဟာ ကျွန်တော်တို့ကို အများကြီး အားတက်စေပါတယ်။ ဂုဏ်လဲ ယူပါတယ်။ နောက် ဒီအလုပ်တွေကို ယုံယုံကြည်ကြည်နဲ့ ဆက်လုပ်သွားနိုင်ဖို့အတွက် တွန်းအားတစ်ရပ် ပေးလိုက်သလိုပါပဲ။

အခု Curiosity အဖွဲ့သားများအားလုံးကိုယ်စား အခုလို ဆုပေးဖို့ endorse လုပ်ခဲ့တဲ့ ဆရာကြီးဒေါက်တာမြင့်ဇံနဲ့တကွ တက်ရောက်လာသော ဆရာဆရာမကြီးများ၊ လူကြီးမင်းများအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ နောက်ပြီး… အခကြေးငွေဆိုတာကို ခေါင်းထဲလုံးဝမထည့်ပဲ စေတနာသန့်သန့်နဲ့ စာများ ရေးသားကြသူ contributor ညီအစ်ကို မောင်နှမများ အားလုံးကိုလဲ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

အခု နောက်ဆုံး အကျဉ်းချုပ်အနေနဲ့ ဆရာကြီး ညိုမြရဲ့ သိပ္ပံပညာရှင် မွေးမြူနည်းဆိုတဲ့ ဆောင်းပါးထဲက စာစုတစ်စုကို ဖတ်ကြားပြရင်း နိဂုန်းချုပ်လိုပါတယ်။

“ဝိဇ္ဇာဆိုတာ ရှေးမြန်မာ ယုံကြည်ချက်မှာ ရှိခဲ့တာပ။ ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဇာတွေ မြေလျှိုး မိုးပျံနိုင်ကြတယ်လို့ ဆိုတာကိုး။ ယခုလို ဒုံးပျံခေတ်မှာ သူတို့ပေါ်လာပြီး ရုရှားတို့ အမေရိကန်တို့နဲ့ စကြဝဠာတစ်ဝန်းမှာ အစွမ်းပြိုင်သင့်တာပ။ သို့သော် အဲ့သလို သိဒ္ဓိရှင် ဝိဇ္ဇာမိုရ်များ၊ စုန်းကဝေများ တစ်ကောင်တစ်မြည်းမှ ပေါ်မလာတော့ ဒီကိစ္စမှာ အာရှရှေးအယူအဆဟောင်းများကို စွန့်ပယ်ပြီး လက်တွေ့ အာကာသယာဉ်များ၊ အဏုမြူလက်နက်များ လုပ်ပြနိုင်တဲ့ အနောက်နိုင်ငံ သိပ္ပံနည်းနိဿယများကို လေ့လာကြရတော့မှာပ။” – ညိုမြ

ဟုတ်ကဲ့။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီး ကိုကျော်စွာလင်းက မဂ္ဂဇင်းအကြောင်းကို အသေးစိတ်ပြောပြပါလိမ့်မယ်။

Comments
Thar Htet Aung
Be my friend

Thar Htet Aung

Blogger at Curiosity
Hey, I’m Thar Htet, founder of Curiosity. I’m a blogger and technical expert(Engineering and Information & Technology) living in Yangon Region, Myanmar (Burma) holding the Bachelor Degree of Engineering. I am a fan of technology, entrepreneurship, and politics. I’m also interested in astronomy and education.
Thar Htet Aung
Be my friend