အခုလက်ရှိမှာ ကျွန်တော်တို့ အားလုံး လက်စွဲထားရတဲ့ အင်တာနက်စွယ်စုံကျမ်းကြီး ဝီကီပီးဒီးယားဟာ existential crisis နဲ့ ကြုံတွေ့နေရပါတယ်။ ကျွန်တော်တို့ တစ်ချို့ ကောမန့်တွေမှာ တွေ့လေ့ရှိတာက “မင်းတို့ ဝီကီလောက် ဖတ်ပြီး ဘာသိလို့တုန်း” ဆိုတာပဲဖြစ်ပါတယ်။ ပိုပြီးရယ်စရာကောင်းတာက ဝီကီအပေါ်မှာ skeptic ဖြစ်တဲ့ သူများက အခြား Shwemom, Duwun, Lwin Pyin နဲ့ ဦးမြင့်ခိုင်(စိတ်ပညာ) ရေးထားတာတွေကို ယုံကြည်လေ့ရှိပါတယ်။

အခုလို ဝီကီပီးဒီးယား ကြီး ခြိမ်းခြောက်ခံနေရတာ မြန်မာမှာတင်မဟုတ်ပဲ ကမ္ဘာအနှံ့ပါ ဖြစ်နေပါပြီ။ သိပ်မကြာသေးခင်ကပဲ သူတို့မှာ funding သိပ်မရှိတော့လို့ဆိုပြီး ရေးကြီးသုတ်ပြာ အလှူခံကြပါသေးတယ်။ အဲ့ဒီတုန်းက ဒေါ်လာသန်းချီပြီး ကူညီပေးခဲ့တဲ့ ဒေါ်နယ်ထရန့်တို့ကို တကယ်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်လဲ လက်ရှိလစာထဲက အခွန်များဆောင်နေရလေ့ရှိတာကြောင့် နောက်ဆုံးဖြတ်လိုက်ရင် ကိန်းပြည့်မဟုတ်ပဲ အစွန်းထွက်အနေနဲ့ ၄၊ ၅ ဒေါ်လာလောက်ဖြစ်နေတတ်ပါတယ်။ အဲ့ဒါကို ဝီကီ ဆီ donate လေ့ရှိပါတယ်။ အခု ဝီကီပီးဒီးယား အကြောင်းပြောနေရတာဟာ အင်တာနက် စာမျက်နှာတစ်ခုထက် ပိုပါတယ်။ တကယ်တော့ လူ့အသိပညာတိုးတတ်မှု တစ်ခုလုံးပါ ခြိမ်းခြောက်ခံနေရတယ်လို့ မြင်ပါတယ်။

ဝီကီပီးဒီးယားဆိုတာက သူ့ထက်အရင် နှစ်ထောင်ပေါင်းများစွာက ပေါ်ခဲ့တဲ့ စွယ်စုံကျမ်းတွေလိုပဲ နယ်ပယ်ပေါင်းစုံက အသိပညာတွေကို အမှန်တရားနဲ့ နီးသထက်နီးအောင် ကြိုးစားပြုစုထားတဲ့ အရာပဲဖြစ်ပါတယ်။ လူ့သမိုင်းမှာ ထင်ရှားတဲ့ အဖြစ်အပျက်တစ်ခုကိုပြောရမယ်ဆိုရင် အစ္စလာမစ် ကမ္ဘာရဲ့ ရွှေခေတ်က စပါတယ်။ စကော်လာများကို ကမ္ဘာအနှံ့စေလွှတ်ပြီး အသိပညာ ရှာဖွေစုဆောင်းရေးကြီး လုပ်ခဲ့ပါတယ်။ ဂရိ၊ ပါရှား၊ ဆီးရီးယား၊ အိန္ဒိယနဲ့ တရုတ်က အသိပညာတွေကို အာရေဗစ် ဘာသာစကားနဲ့ ပြန်ပြုစုပါတယ်။ ၉ ရာစုမှာဆိုရင် Ibn Qutaybah ဆိုတဲ့ ပါရှားစကော်လာတစ်ယောက်ဟာ ပထမဆုံး စွယ်စုံကျမ်းကို ပြုစုနိုင်ခဲ့ပါတယ်။ အဲ့ဒီစွယ်စုံကျမ်းမှာဆိုရင် စစ်ပွဲ၊ အာဏာ၊ မြင့်မြတ်ခြင်း၊ လူမှုကျင့်ဝတ်များ၊ ချစ်ခြင်းမေတ္တာများ၊ စာပေရေးသားနည်းများ၊ ဘာသာရေးများ၊ အစားအသောက်နဲ့ အမျိုးသမီးများအကြောင်းကို ပြုစုထားတာဟာ စာအုပ် ၁၀ အုပ်စာပေါင်းထားတယ်လို့ ဆိုပါတယ်။ သူ့နောက်ပိုင်း ရာစုနှစ်တစ်ခုအကြာမှာတော့ al-Khwārizmī လို့ခေါ်တဲ့ နောက်ထပ် ပါရှားစကော်လာက ဂဏန်းသချင်္ာ များသာ မက အခြား အသိပညာများဖြစ်တဲ့ အတွေးအခေါ်များ၊ ဂရမ်မာများ၊ မင်းကျင့်ဝတ်များ၊ ကဗျာများ၊ အနုပညာများ၊ ဆေးပညာများ၊ နက္ခဗေဒပညာ၊ ဂီတ၊ ဆေးဝါးဖော်စပ်ခြင်း နဲ့ သမိုင်းများကိုပါ စုစည်းပြီး ပိုမိုကြီးမားတဲ့ စွယ်စုံကျမ်းတစ်ခုကို စုဆောင်းခဲ့ပါတယ်။ တရုတ်များဟာလဲ ၂ ရာစုဘီစီလောက်ကတည်းက သူတို့ကိုယ်ပိုင် စွယ်စုံကျမ်းတစ်ခုကို စုဆောင်းနိုင်ခဲ့ပေမယ့် ပထမဆုံးတရုတ်ဘုရင်ဖြစ်တဲ့ Qin က ကွန်ဖြူးရှပ်စ် အတွေးအခေါ်များအပါအဝင် အခြားစကော်လာပညာစာအုပ်ပေါင်း ၄၆၀ ခန့်ကို မီးရှို့ဖျက်စီးပစ်ခဲ့ရပါတယ်။ ကျွန်တော်တို့လဲ လက်ရှိ အင်တာနက်စွယ်စုံကျမ်းကို မီးရှို့ဖျက်စီးဖို့ ခြိမ်းခြောက်နေတဲ့ အရာတစ်ခုကို ကြံုနေရပါပြီ။

ဥရောပ ဘက်မှာတော့ ခေတ်သစ်စွယ်စုံကျမ်း စတင်ပြုစုခြင်းကို ၁၈ ရာစုမှသာ လုပ်ဆောင်ခဲ့ပါတယ်။ အီမန်နျူယယ် ကန့် က လက်တင်စကား Sapere aude ဆိုတာကို စတင်ခေါ်ဝေါ်ခဲ့ပြီး အဓိပ္ပာယ်ကတော့ “Dare to know” လို့ ခေါ်ပါတယ်။ လူသားများဟာ အသိပညာများအားလုံးကို လက်ခံဖို့အတွက် အသင့်ဖြစ်ပြီလို့ ယူဆခဲ့ကြပါတယ်။ အစောပိုင်းခေတ်များမှာတော့ ဘာသာရေးများအပါအဝင် ဘုရင်အာဏာပိုင်များရှိတာကြောင့် လူသားများက အဆင်သင့်ဖြစ်ခဲ့ပုံ မရခဲ့ပါဘူး။

ပထမဆုံး စွယ်စုံကျမ်းဖြန့်ဖြူးရောင်းချရေးကို ၁၇၅၁ ခုနှစ်မှာ ပြင်သစ်၊အင်္ဂလိပ်၊ ဂျာမန်၊ ဒတ်ချ်၊ ဆွစ်ဇာလန် အစရှိတဲ့ ဘာသာစကားများနဲ့ ရောင်းချခဲ့ပြီး set တစ်ခုကို စာအုပ်ပေါင်း ၂၈ အုပ်ပါခဲ့ကာ ဝယ်ယူသူ ၂၀၀၀ ခန့်ရှိခဲ့ပါတယ်။ လူသိများတဲ့ အတွေးအခေါ်ဆရာကြီးများဖြစ်သူ Voltaire, Rousseau နဲ့ Montesquieu က ပထမဆုံး editor အဖွဲ့မှာပါဝင်ခဲ့ပါတယ်။ ဒီစာအုပ်ထုတ်ပြီး သိပ်မကြာခင် (၁၇ နှစ်အကြာ) ၁၇၇၂ ခုနှစ်မှာပဲ ပြင်သစ်တော်လှန်ရေးစတင်ပြီး တကယ့်ခေတ်သစ်ထဲကို ကျွန်တော်တို့ လူသားတွေ စတင်ဝင်ရောက်ခဲ့ပါတယ်။

ဒါပေမယ့် အခုလို အသိပညာတိုးတက်မှု ခြိမ်းခြောက်ခြင်းခံရတာဟာ ဒါဟာ ပထမဆုံးအကြိမ်မဟုတ်ခဲ့ပါဘူး။ ၁၉၈၅ ခုနှစ်မှာထွက်ခဲ့တဲ့ Amusing Ourselves to Death ဆိုတဲ့ နေးလ် ပို့စ်မန်း ရေးသားတဲ့စာအုပ်ထဲမှာ ရုပ်မြင်သံကြားများပေါ်ပေါက်လာတာကြောင့် လူတွေ တိုးတက်မှု ဆုတ်ယုတ်လာနေပြီဆိုတာကို ထောက်ပြထားပါတယ်။ စာတွေပဲဖတ်နေလေ့ရှိတဲ့လူတွေက ရုတ်တရတ် ပုံရိပ်များကို ကြည့်ရှုတဲ့သူတွေ ဖြစ်သွားကြပါတယ်။ ပို့စ်မန်း ရေးသားတဲ့အထဲမှာဆိုရင် ကျွန်တော်တို့ဟာ တစ်ခုခုကို တွေးတောရာမှာ ခေါင်းထဲမှာ စကားလုံး၊ အကြောင်းအရာများကို စီစဉ်ပြီးတော့သာ တွေးတောတယ်၊ ပုံရိပ်တွေနဲ့ ဖော်ပြီး တွေးတောလေ့မရှိဘူးလို့ ဆိုပါတယ်။ ကျွန်တော်တို့ဟာ အိုင်ဒီယာတွေလဲလှယ်လေ့မရှိတော့ပဲ ပုံရိပ်များကိုသာ လဲလှယ်နေကြပါတော့တယ်။ ရုပ်ရှင်သရုပ်ဆောင်များနဲ့ ကြော်ငြာများအကြောင်းကိုသာ ဆွေးနွေးကြပါတော့တယ်။

အစမှာတော့ ဒီရုပ်မြင်သံကြားကြောင့် အသိပညာအကျပိုင်းရောက်ခဲ့တာကို အင်တာနက်က ကယ်တင်ပေးခဲ့ပါတယ်။ ၁၉၈၀၊ ၉၀ ပြည့်နှစ်များက အင်တာနက်ဟာ ပုံများ၊ ဗီဒီယိုများသိပ်ပါလေ့ မရှိပဲ တကယ့် စာတွေချည်းဖြစ်ခဲ့ပါတယ်။ ဒီမှာ အသိပညာကို ပြန်လည်လိုက်စားဖို့အတွက် မျှော်လင့်ချက်ပြန်လည် ရှင်သန်ခဲ့ပါတယ်။ ကမ္ဘာအနှံ့မှာရှိတဲ့ တက္ကသိုလ်ကြီးများက ဒီအင်တာနက်ကတစ်ဆင့် အသိပညာလဲလှယ်ရေးများကို ပထမဆုံး ပြုလုပ်ခဲ့ကြပါတယ်။ မဂ္ဂဇင်းများနဲ့ သင်ရိုးများကို ဖလှယ်ကြပါတယ်။ ဆွစ်ဇာလန်နိုင်ငံဟာ ပထမဆုံးခေတ်သစ်စွယ်စုံကျမ်းဖြန့်ချီရေးမှာ ပါဝင်ခဲ့ရုံသာမက ၁၉၉၀ ပြည့်နှစ်မှာလဲ ဆွစ်ဇာလန်နိုင်ငံ CERN (European Organization for Nuclear Research) ကနေပြီး အင်တာနက်ကို မွေးဖွားပေးခဲ့ပါတယ်။

ခေတ်သစ်အင်တာနက်ဟာ ဥယာဉ်တစ်ခုဖြစ်မယ်ဆိုရင် ဝီကီပီးဒီးယားဟာ အသီးအပွင့်တစ်ခုပါပဲ။ ဂူဂဲလ်လဲ အပါအဝင်ဖြစ်ပြီးတော့ အခြား ပညာရေးဦးစားပေး blog များဟာလဲ အတူတူပါပဲ။ သူတို့ဟာ အသိပညာ ဖြန့်ဝေရေးကို ကောင်းကောင်းမွန်မွန်အထောက်အပံ့ပေးကြပါတယ်။ ရုပ်မြင်သံကြားကြောင့် ယိမ်းယိုင်လာတဲ့ အသိပညာကို ဆယ်စုနှစ်တစ်ခုတိုင်အောင် အင်တာနက်က ပြန်လည် ဦးမော့စေခဲ့ပါတယ်။ ဒါပေမယ့် ဆိုးဝါးတဲ့ အသီးများဟာ ၂၀၀၄ ခုနှစ်မှာ ဟားဗက်တက္ကသိုလ်ရဲ့ အဆောင်အခန်းတစ်ခုထဲကနေ စတင်သီးပွင့်လာခဲ့ပါတယ်။
လူမှုကွန်ယက်များဟာ အစောက ရုပ်မြင်သံကြားများကို အင်တာနက်ပေါ် တိုက်ရိုက်ဆိုသလို သယ်ဆောင်လာပါတယ်။ Facebook မှာဆိုရင် ဓာတ်ပုံများနဲ့ ဗီဒီယိုများကို တင်ခွင့်ပေးထားပြီး စိတ်ခံစားချက်များနဲ့ပါ တုံ့ပြန်နိုင်ဖို့ အခွင့်အရေးပေးထားပါတယ်။ အစပိုင်းမှာ Like လုပ်ခြင်းတစ်ခုတည်းသာ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ reaction အမျိုးမျိုးပေးနိုင်အောင်ပါ ခွင့်ပြုလာပါတယ်။ အင်တာနက်ဟာ သူပထမဆုံး မွေးဖွားလာတုန်းကလို အသိပညာဖြန့်ဝေရေး နယ်ပယ်တစ်ခုကနေ စိတ်ခံစားချက်ဖလှယ်ရေး တစ်ခုအဖြစ် အသွင်ပြောင်းလာခဲ့ပါတယ်။ (တကယ်လို့ အင်တာနက်ဟာ စာသင်ခန်းတစ်ခန်း၊ ဝီကီပီးဒီးယားက စာတကယ်လုပ်ဖို့ အတန်းလာတတ်တဲ့သူဆိုရင် Facebook ဟာ အတန်းထဲမှာထိုင်ပြီး လူတကာကို judge ထိုင်လုပ်နေတဲ့သူနဲ့ တူပါတယ်။) အားလုံးသိတဲ့ Catch Me if You Can ရုပ်ရှင်ထဲက လက်တွေ့လူ Frank Abagnale က သူလူလိမ်လုပ်တုန်းက လူတွေအကြောင်းကို မသိရဘူး၊ မှန်းပြီးလုပ်ရတယ်၊ အခုဆိုရင်တော့ ဘယ်သူဘယ်နေ့ ဘယ်ကိုသွားတယ်၊ ဘာတွေကြိုက်တတ်တယ်၊ ဘယ်လိုတွေ ဝတ်စားတတ်တယ်ဆိုတာကိုပါ သိနိုင်နေတဲ့အတွက် ဒီခေတ်မှာ သူလူလိမ်လုပ်ရင် အရမ်းလွယ်မှာပဲဆိုပြီး ဟာသပြောဖူးတာကို ဖတ်လိုက်ရပါတယ်။

အခုဖြစ်လာတဲ့ အဖြစ်အပျက်က ပြင်သစ်အတွေးအခေါ်ဆရာတစ်ယောက်ဖြစ်တဲ့ Guy Debord ရဲ့ စကားများအတိုင်း ချွတ်စွတ်တူနေပါပြီ။ တကယ်လို့ Pre-capitalism က “being” ဖြစ်မယ်ဆိုရင် capitalism က “having” ၊ late-capitalism က “appearing” ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ အခုလဲ လူတွေဟာ သူတို့ တကယ်ဖြစ်တာမဖြစ်တာထက် လူမှုကွန်ယက်များပေါ်မှာ ချမ်းသာသူများ၊ အလုပ်အကိုင်ကောင်းသူများ၊ နေရာကောင်းများ သွားလာနေသူများ အဖြစ်ထင်မြင်မိအောင် “appear” ဖြစ်အောင် လုပ်လာကြတာကို ကျွန်တော်တို့ တွေ့နိုင်ပါတယ်။

၁၉၊ ၂၀ ရာစုများမှာ သိပ္ပံသီအိုရီအသစ်များ၊ တီထွင်မှုအသစ်များ၊ အတွေးအခေါ်အသစ်များစွာ ပေါ်ပေါက်ခဲ့ပေမယ့် ဒီနောက်ပိုင်းမှာတော့ လူမှုကွန်ယက်များပေါ်မှာ လူတွေ ပိုမိုအချိန်ဖြုန်းနိုင်အောင်သာ အသစ်အသစ်အိုင်ဒီယာများ ထုတ်လုပ်လာကြပါတော့တယ်။ ဇူကာဘတ်ဟာ တစ်ပတ်ကို Facebook အသုံးပြုချိန်အားဖြင့် နာရီဝက်ခန့်သာ ရှိတယ်လို့ Business Insider မှာ ဖတ်ဖူးပါတယ်။ ဆိုရိုးတစ်ခုရှိပါတယ်။ မူးယစ်ရောင်းဝယ်ဖောက်ကားသူများဟာ မူးယစ်ဆေးကို မသုံးကြပါဘူး။ (The dealer never uses the drug.)

အခုလို အသိပညာခေတ်ပျက်ထဲမှာတော့ ဝီကီပီးဒီးယားဟာ မျှော်လင့်ချက်တစ်ခုပါပဲ။ အခုဆိုရင် သူ့အပေါ်မှာ စာပေဖတ်ရှုသူများပါ အဆမတန် လျော့နည်းနေပါတယ်။ funding မှာလဲ အမြဲစိတ်ပူနေရပါတယ်။ ဒါပေမယ့် မျှော်လင့်ချက်မဲ့လိုက်စရာတော့ မလိုပါဘူး။ သူတစ်ပါးတွေကို ဝေဖန်ပိုင်းခြားဖို့ဖြစ်တည်နေတဲ့ အင်တာနက်ရဲ့ ခေါက်ရိုးကျိုးတစ်ခုကို ဝီကီပီးဒီးယားက iron တစ်ခုအဖြစ်နဲ့ ပြန်လည် ပြန့်ပြူးအောင် လုပ်ပေးမယ်လို့ မျှော်လင့်မိပါတယ်။

Comments
Thar Htet Aung
Be my friend

Thar Htet Aung

Blogger at Curiosity
Hey, I’m Thar Htet, founder of Curiosity. I’m a blogger and technical expert(Engineering and Information & Technology) living in Yangon Region, Myanmar (Burma) holding the Bachelor Degree of Engineering. I am a fan of technology, entrepreneurship, and politics. I’m also interested in astronomy and education.
Thar Htet Aung
Be my friend