Thar Htet Aung
Be my friend

Thar Htet Aung

Founder at Curiosity
Hey, I’m Thar Htet, the founder of Curiosity. I’m a blogger and technical expert(Engineering and Information & Technology) living in Yangon Region, Myanmar (Burma) holding the Bachelor Degree of Engineering. I am a fan of technology, entrepreneurship, and politics. I’m also interested in astronomy and education.
Thar Htet Aung
Be my friend

ကျွန်တော်မှတ်မိသေးတယ်။ ငယ်ငယ်တုန်းက ဖေဖေနဲ့ မေမေက ကျွန်တော့်ကို ကော်ဖီဆိုင်ကို ခေါ်သွားတယ်။ အဲ့ဒီမှာ ငါးကန်လေးတစ်ကန်ရှိပါတယ်။ ကြာပန်းအောက်မှာ ငါးကြင်းရောင်စုံတွေ လိပ်ကလေးတွေကူးနေပါတယ်။ အဲ့ဒီဘေးမှာ ထိုင်ကြည့်နေရတာ အတော်ကိုပျော်ဖို့ကောင်းပါတယ်။

တိတ်ဆိတ်နေပါတယ်။ ကျွန်တော်လဲ ကျွန်တော့်စိတ်ကူးတွေဘယ်ရောက်ရောက်လွှင့်ထားလိုက်ပါတယ်။ ကလေးတစ်ယောက်ဆိုတော့ ကလေးတွေမေးတဲ့ အူကြောင်ကြောင်မေးခွန်းတွေလဲ ကိုယ့်ကိုကိုယ်မေးလေ့ရှိပါတယ်။ ရေကန်ထဲက ငါးဟာ ကမ္ဘာကြီးကို ဘယ်လိုမြင်မလဲပေါ့နော်။ ငါးတို့ရဲ့ ကမ္ဘာကြီးဟာလဲ ထူးဆန်းနေမှာပဲ။

ငါးကလေးတွေကတော့ သူတို့ရဲ့ကမ္ဘာကြီးဟာ နောက်နေတဲ့ရေရယ်၊ ကြာပန်းတွေရယ်နဲ့ လုပ်ထားတယ်လို့ ယုံကြည်နေမှာပဲ။ ရေအောက်မှာနေတော့ ရေပြင်အထက်မှာ ကမ္ဘာစိမ်းတစ်ခုရှိတယ်လို့တော့ ခပ်ဝါးဝါးသိမှာပေါ့။ ဒါပေမယ့်ကျွန်တော်တို့ ကမ္ဘာကိုသူဘယ်လိုလုပ်နားလည်မလဲ။ ငါးလေးတွေနဲ့ ကျွန်တော်ထိုင်နေတဲ့နေရာက လက်မ အနည်းငယ်ပဲကွာတယ်။ ဒါပေမယ့် အလွန်ကြီးမားတဲ့ ချောက်ကြီးခြားထားသလိုပါပဲ။ ငါးကလေးတွေနဲ့ ကျွန်တော်နဲ့က တစ်ယောက်တစ်ကမ္ဘာစီ။ တစ်ယောက်ကမ္ဘာထဲကို တစ်ယောက်မဝင်၊ သို့သော် ရေမျက်နှာပြင်ပါးပါးလေးသာ ခြားထားပါတယ်။

ငါးတွေမှာလဲ ငါးသိပ္ပံပညာရှင်တွေရှိမှာပဲနော်။ ငါးသိပ္ပံပညာရှင်တစ်ယောက်က ကြာတွေအထက်မှာ ကမ္ဘာတစ်ခုရှိနေတယ်လို့ပြောရင် ကျန်ငါးပညာတတ်တွေက အဲ့ဒီငါးကို ပြက်ရယ်ပြုကြမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ငါးပညာတတ်တွေအဖို့ ငါး ထိတွေ့၊ မြင်နိုင်တာတွေကမှ အစစ်အမှန်ဖြစ်လို့ပါပဲ။ ရေကန်ဟာ သုူတို့အတွက် အလုံးစုံပဲ။ ရေကန်ကျော်တဲ့ မမြင်ရတဲ့ ကမ္ဘာရှိတယ်ဆိုတာ သိပ္ပံတွေးနည်းမဟုတ်ဘူး။ တစ်နေ့မှာတော့ မိုးတွေရွာချတယ်။ ရေကန်ရဲ့ ရေပြင်ကို မိုးစက်မိုးပေါက်တွေကျတယ်။ ရေပြင်ကလေး ဗယောက်ဗယက် မငြိမ်မသက်ဖြစ်ပါတယ်။ မိုးနဲ့လေက လွတ်ရာ ကျွန်တော်ပြေးတုန်းမှာ ရေကန်ထဲက ငါးလေးတွေဒီကိစ္စကို ဘယ်လိုတွေးတုန်း ကျွန်တော်စဉ်းစားမိတယ်။ ကြာပန်းတွေက သူ့ဟာသူလှုပ်နေတာ။ ဘာကမှ သူ့ကို မတွန်းပဲနဲ့။ လေကို ကျွန်တော်မြင်ရသလို ငါးလေးတွေက ရေကို မြင်မှာမဟုတ်တော့(လေထဲမှာ ကျွန်တော်နေတယ်။ ရေထဲမှာ ငါးလေးတွေနေတယ်။ ကျွန်တော်က လေကိုမမြင်ဘူး။ ငါးလေးတွေကလဲ ရေကိုမြင်မှာ မဟုတ်ဘူး။) ကြာပန်းတွေသူ့အလိုလို လှုပ်နေပါလားလို့ ကြံရ တွေးရ ခက်နေမှာပဲ။

ငါးပညာတတ်ကြီးတွေကတော့ သူတို့မသိတာကို ဖုံးကွယ်ချင်တာနဲ့ “အား” တစ်ခုခုရှိနေတယ်လို့ လုပ်ဇာတ်ခင်းပြီး ညဏ်စင်ရမှာပဲ။ ရေပြင်အထက်မှာ လှိုုင်းရှိတာမသိနိုင်တော့ ဘယ်သူဘယ်ဝါကမှ မတွန်းဘဲနဲ့ ကြာပန်းတွေလှုပ်တာဟာ  ကြာပန်းတွေတစ်ခုနဲ့ တစ်ခုအပေါ်မှာ သက်ရောက်နေတဲ့ “အား”ကြောင့် လို့ပြောကြမှာပဲ။ တစ်ခြားခမ်းနားတဲ့ အမည်လဲ တပ်ကောင်းတပ်နိုင်ပါတယ်။ အဝေးက သက်ရောက်နိုင်မှု၊ ဘာကမှလဲ မထိပဲနဲ့ ရွေ့နိုင်ပါတဲ့ ကြာရဲ့ စွမ်းရည် အဲ့သလိုအမည်တွေပေးမှာပါပဲ။

ကျွန်တော်က ငါးသိပ္ပံပညာရှင်တစ်ယောက်ကို ရေကန်ထဲကနေ အပြင်ဘက်ကို ထုတ်လိုက်ရင် ဘယ်လိုများနေပါ့မလဲ။ ငါးသိပ္ပံပညာရှင်ကြီးကတော့ ကျွန်တော်သူ့ကို စမ်းနေတုန်းမှာ တွန့်လိမ်နေမှာပဲ။ ရေကန်ထဲက သူ့ရောင်းရင်းတွေကကော သူပျောက်သွားတာကို ဘယ်လိုစဉ်းစားကြမှာလဲ။ တစ်ကောင်ကောင်ကတော့ သူတို့ကမ္ဘာက ပျောက်သွားတယ်ဆိုတာကို သတိပြုမိမှာပဲ။ ဘာသဲလွန်စမှ မရှိပဲနဲ့ ဘယ်လိုပျောက်သွားပါလိမ့်၊ ဘယ်လိုကြည့်ကြည့် သူတို့ ကမ္ဘာထဲမှ ခုနက ငါးသိပ္ပံပညာရှင်ကြီးမရှိတော့ဘူး။ စက္ကန့်အနည်းငယ်ကြာတဲ့အခါ အဲ့ဒီအကောင်ကို ကျွန်တော်ရေကန်ထဲပြန်ပစ်ချလိုက်တဲ့အခါမှာတော့ ပျောက်သွားတဲ့ သိပ္ပံပညာရှင်ငါးကြီး ပြန်ပေါ်လာပြီ။ ငါးတွေအဖို့ မယုံနိုင်စရာ အထူးအဆန်းတော့ ဖြစ်နေပါပြီ။

အပြင်ရောက်တဲ့ငါးသိပ္ပံပညာရှင်က အံ့ဖွယ်သူရဲ တွေပြောပြတော့မှာပါပဲ။ “ငါ့ကွာ၊ ရုတ်တရက် ကမ္ဘာ(ရေကန်) ထဲက မြောက်သွားပြီးတော့ ထူးဆန်းတဲ့ ငရဲပြည်ကိုရောက်သွားတယ်။ အဲ့မှာ တော်တော်ပူတယ်။ မျက်စိကျိန်းလောက်အောင် လင်းတယ်။ ထူးထူးဆန်းဆန်းပုံသဏ္ဍာန်ရှိတဲ့ အရာဝတ္ထုတွေကိုလဲ တွေ့ရတယ်။ အထူးဆန်းဆုံးကတော့ ငါ့ကို ဖမ်းထားတဲ့သတ္တဝါပဲ(ကျွန်တော့်ကိုပြောတာ)။ ငါတို့နဲ့ နည်းနည်းလေးမှ မတူဘူးကွာ။ ငါဖြင့် ဆူးတောင်မရှိတဲ့ သတ္တဝါကိုတွေ့လိုက်ရတာ လန့်သွားတာပဲ။ ဒါပေမယ့် ဆူးတောင်မရှိလဲ သူက လှုပ်ရှားနိုင်တယ်ကွ။ အဲ့ဒီငရဲပြည်ကို ငါတို့ဆီက နိယာမတွေနဲ့ ပြောလို့မရဘူးထင်တယ်ကွ။ ဒါနဲ့ ချက်ချင်းဆိုသလို ခုငါ ငါတို့ကမ္ဘာဆီပြန်ရောက်နေတာကို တွေ့ရတော့တာပဲ၊” (ငါးအများစုသည် ငါးကမ္ဘာအပြင်ဘက် ထိုခရီးကို ထိုငါး ပေါက်တတ်ကရ လျှောက်ပြောနေတာလို့ပဲ ထင်ကြသည်။)

ကဲ………. ကျွန်တော်တို့ဟာ ရေအိုင်လေးတစ်ခုမှာ ရောင့်ရောင့်ရဲရဲ ကူးခက်နေတဲ့ ငါးတွေလိုပါပဲ။ ကိုယ့်ရေအိုင်ထဲမှာ တစ်လျှောက်လုံးကူးနေပြီးတော့ ကျွန်တော်တို့စကြာဝဠာဟာ ကျွန်တော်တို့မြင်နိုင်ကြားနိုင်တဲ့အရာတွေပဲ ရှိတယ်လို့ ယုံကြည်နေတာပါပဲ။ တွေ့ဆုံကျ၊ မြင်နေကျ အရာတွေပဲ ရှိတယ်လို့ ယုံကြည်နေတော့ အခြားကမ္ဘာတွေ၊ တခြားအတိုင်းဒိုင်မန်းရှင်းတွေ ကျွန်တော်တို့ ကပ်ကပ်လေးမှာတင်တည်ရှိနေနိုင်တယ်ဆိုတာကို ငြင်းကြတာပါပဲ။ ကျွန်တော်တို့သိပ္ပံပညာရှင်တွေက “အား” အယူအဆတွေကို တီထွင်လိုက်တာကလည်း သူတို့ဟာ ကျွန်တော်တို့နားက ဟင်းလင်းပြင်မှာ ရှိနေတဲ့ မမြင်နိုင်တဲ့ တုန်ခါမှုလှိိုုင်းတွေကို မသိကြလို့ပါပဲ။( လူတွေမမြင်နိုင်မကြားနိုင်တာတွေအများကြီးရှိသေးတယ်။ ဥပမာ ခရမ်းလွန်ရောင်ခြည်၊ အနီအောက်ရောင်ခြည် စသဖြင့် Spectrum ပြင်ပကအလင်းတွေ၊ အသံလှိုုင်းမှာလဲ တုန်နှုန်း 20 Hz နဲ့ 20000 Hz ပြင်ပကအရာတွေကို မကြားနိုင်ပါဘူး)။ စမ်းသပ်ခန်းထဲမှာ မတွေ့နိုင်တာနဲ့ အခြားအတိုင်း ဒိုင်မန်းရှင်းတွေ ရှိတယ်လို့ ပြောရင်တောင် အချို့ သိပ္ပံပညာရှင်တွေက လှောင်ချင်ကြပါတယ်။

ရေကန်နားကပြန်လာပြီးကတည်းက ကျွန်တော်ကတော့ အခြား ဒိုင်မန်းရှင်းတွေ ရှိနေနိုင်တယ်လို့ သဘောတကျ တွေးမိတယ်။ ကာလခရီးသည်ကြီး တခြား ဒိုင်မန်းရှင်းတွေထဲကိုဝင်၊ အခြားသော စကြာဝဠာကြီးတွေထဲကိုရောက်တဲ့ သိပ္ပံပုံပြင်တွေကို မက်မက်မောမော ဖတ်တော့တာပါပဲ။

Ref – Dr. Michio Kaku , The Future of the Mind

Comments