Thar Htet Aung
Be my friend

Thar Htet Aung

Founder at Curiosity
Hey, I’m Thar Htet, the founder of Curiosity. I’m a blogger and technical expert(Engineering and Information & Technology) living in Yangon Region, Myanmar (Burma) holding the Bachelor Degree of Engineering. I am a fan of technology, entrepreneurship, and politics. I’m also interested in astronomy and education.
Thar Htet Aung
Be my friend

သိပ္ပံပညာရှင်များဟာ လွန်ခဲ့တဲ့ ရာစုနှစ်အတွင်းကော ၂၁ ရာစုအတွင်းမှာပါ သိပ္ပံပညာအတွက် အလွန်အရေးပါတဲ့ တွေ့ရှိမှုပေါင်းများစွာကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ နေထိုင်မှုဘဝအတွက် အကျိုးရှိစေမယ့် တီထွင်မှုများအပါအဝင် နားလည်နိုင်ဖို့အတွက် သဘောတရားပေါင်းများစွာကိုလဲရှင်းပြနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့်လဲ အချို့သော ပဟေဋိတွေဟာ တည်ရှိနေစဲဖြစ်ပါတယ်။

သိပ္ပံပညာရှင်များဟာ ဒီလို ပဟေဋိတွေအတွက် ငြင်းခုံဆွေးနွေးမှုများ များစွာပြုလုပ်ခဲ့ပြီးဖြစ်ပြီးတော့ အချို့သော ပဟေဋိတွေဟာဆိုရင် နှစ်ပေါင်း ရာချီနေပြီဖြစ်ပါတယ်။ ဒါပေမယ့်လဲ သိပ္ပံပညာရှင်အဆက်ဆက်ရဲ့ ကြိုးစားမှုများကြောင့် ဒီပဟေဋိများရဲ့ အဖြေများဟာလဲ တစ်ဖြည်းဖြည်းနီးစပ်လာပြီလို့ ပြောရမှာ ဖြစ်ပါတယ်။ အခုဖော်ပြမယ့်အရာတွေကတော့ သိပ္ပံပညာရှင်တွေကို အိပ်ရေးပျက်အောင် လုပ်နေတဲ့ ပဟေဋိ ၅ ခုပဲဖြစ်ပါတယ်။

ကျွန်တော်တို့ ဘာကြောင့် အိပ်ဖို့လိုအပ်တာလဲ

ကျွန်တော်တို့ ဘာ့ကြောင့် အိပ်ရသလဲ။ ဒီမေးခွန်းဟာ အရမ်းကို ရိုးရှင်းပေမယ့် သူ့အတွက် အဖြေကတော့ အလွန်ကို နက်နဲပါတယ်။ ဒီအတွက် အဖြေရှာဖို့ သိပ္ပံပညာရှင်များဟာ ကြိုးစားမှု အတန်တန်ပြုလုပ်ခဲ့ပေမယ့် လူတွေဟာ ညတိုင်းမှာ ဘာ့ကြောင့် အိပ်ဖို့လိုအပ်နေသလဲဆိုတာအတွက် တိကျတဲ့ တစ်ခုတည်းသော အဖြေကိုတော့ မပေးနိုင်သေးပါဘူး။

အိပ်ပျော်နေစဉ်အတွင်းမှာ ဖြစ်ပျက်သွားတဲ့ အဆင့်များ၊ ဦးနှောက်ရဲ့ လုပ်ဆောင်မှုများကို လေ့လာသိရှိပြီးဖြစ်ပေမယ့် သူတို့ဖြစ်ဖို့ ဘာကြောင့်လိုအပ်သလဲဆိုတာကတော့ တိတိကျကျ မသိရှိသေးဘူးဖြစ်ပါတယ်။ ပြီးတော့ လူတွေမှာ ရှိတဲ့ sleeping pattern နဲ့ တိရိစ္ဆာန်တွေမှာရှိတဲ့ sleeping pattern တို့ဟာလဲ ကွဲပြားနေတဲ့အတွက် ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းပြီး နက်နဲနေပြန်ပါသေးတယ်။

Credit – The Streeter

ကျွန်တော်တို့အထဲမှာမှ တစ်ချို့ဟာ ဆူညံတဲ့ နေရာများမှာ အိပ်စက်နိုင်ပေမယ့် တစ်ချို့ဟာ မအိပ်စက်နိုင်ရသလဲ။ တစ်ချို့က အလင်းများတဲ့ နေရာမှာ အိပ်နိုင်ပေမယ့် ဘာ့ကြောင့် တစ်ချို့က အမှောင်ထဲမှာသာ အိပ်နိုင်ပါသလဲ။

လူတွေဟာ ညတိုင်းမှာ ရုတ်တရတ် ရပ်ဆိုင်းခြင်းဖြစ်စဉ်ဖြစ်တဲ့ hibernation state ထဲကို ဘာ့ကြောင့် ဝင်ဝင်နေရသလဲဆိုတာကို အပြင်းအထန် လေ့လာနေကြပါတယ်။

အာဖရိကဆင်များဟာ တစ်ရက်ကို အိပ်ချိန် ၂ နာရီခန့်သာရှိပြီးတော့ ကျန်တဲ့အချိန်များမှာ သူတို့ရဲ့ ကြီးမားလှတဲ့ ခန္ဒာကိုယ်ကို ထောက်ပံ့နိုင်တဲ့ စွမ်းအင်ရရှိဖို့ အာဟာရဖြည့်တင်းရပါတယ်။ စွမ်းအင်ကို ချွေတာဖို့ ကျွန်တော်တို့ အိပ်ရတယ်ဆိုတာကတော့ သိပ္ပံပညာရှင်များ စဉ်းစားထားသီအိုရီများထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တေ်ာတို့ဟာ အစားများသာ စားပြီးတော့ မအိပ်ပဲ နေလို့မရပြန်ပါဘူး။ အခုဆိုရင် အိပ်စက်နေစဉ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်မှုများကို တိကျသေချာစွာ လေ့လာနိုင်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းများ၊ tools များကို တီထွင်အသုံးပြုလာနိုင်ပြီး ဒီအတွက် အဖြေကို တစ်နေ့မှာ သိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

Dark Matter ဆိုတာဘာလဲ၊ သူတို့ကို ဘာ့ကြောင့် မမြင်နိုင်ရတာလဲ

အဲ့ဒီအရာဟာ ဘာနဲ့ တူသလဲဆိုတာကို ကျွန်တော်တို့ မသိပါဘူး။ မြင်လဲ မမြင်ရပါဘူး။ ဒါပေမယ့် သူဟာ ကျွန်တော်တို့ သိတဲ့ စကြဝဠာထဲက ရှိသမျှ matter များရဲ့ ၂၆% ကိုနေရာယူထားပါတယ်။ ၁၉၂၂ ခုနှစ်မှာ ဒတ်ချ်လူမျိုး နက္ခတ်ဗေဒပညာရှင် Jacobus Kapteyn က သူ့ရဲ့တည်ရှိမှုကို ပထမဆုံး propose လုပ်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ တည်ရှိမှုကို ကျွန်တော်တို့က ဘယ်လိုသိသလဲဆိုတော့ ကျွန်တော်တို့ မြင်တွေ့ထောက်လှမ်းနိုင်တဲ့ matter များနဲ့ သူတို့ အပြန်ပြန်သက်ရောက်ပုံတို့ကို လေ့လာပြီး သိရှိတာဖြစ်ပါတယ်။ ဒါပေမယ့် ထူးဆန်းစွာပဲ အခုထိ သူတို့ကို မမြင်ရပါဘူး။

ကျွန်တော်တို့ မြင်တွေ့နိုင်တဲ့ matter အများစုကို နျူထရွန်၊ ပရိုတွန် နဲ့ အီလက်ထရွန်တို့နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် dark matter ကိုတော့ ဒါတွေနဲ့ ပြုလုပ်ထားတာမဟုတ်ပါဘူး။ သူတို့ဟာ ကျွန်တော်တို့ လုံးဝမသိရှိ နားမလည်သေးတဲ့ အမှုန်များနဲ့ ပြုလုပ်ထားတာဖြစ်ပြီး သူတို့ အလင်းနဲ့ ဆက်ဆံပုံဟာလဲ လုံးဝကို ကွဲပြားခြားနားနေပါတယ်။ သူတို့ဟာ အလင်းကို ဆုတ်ယူခြင်း၊ဖြာထွက်ခြင်း နဲ့ အလင်းပြန်ခြင်းများ လုံးဝမပြုလုပ်ပါဘူး။ ဒါပေမယ့် သူတို့အနားက ဖြတ်သန်းသွားမယ့် အလင်းကိုတော့ ယိမ်းယိုင်ခြင်းများ ဖြစ်စေပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့ဟာ သူတို့ တည်ရှိနေတယ်ဆိုတာကို စတင် ထောက်လှမ်းမိတာပဲဖြစ်ပါတယ်။

သုတေသီများဟာ သူတို့ရဲ့ ဖြစ်တည်မှုကို လေ့လာနေကြပြီဖြစ်ပြီးတော့ အကြီးမားဆုံးလေ့လာနေကတော့ နာမည်ကြီး CERN (Large Hadron Collider at the European Council for Nuclear Research) မှာပဲဖြစ်ပါတယ်။ သူတို့ဟာ သေးငယ်တဲ့ အမှုန်များကို ပြင်းထန်တဲ့ အရှိန်များနဲ့ တိုက်မိစေပြီး ဖြစ်ပေါ်လာတဲ့ စွမ်းအင်နဲ့ အဟုန်တို့ကို လေ့လာခြင်းဖြင့် လေ့လာနေကြပါတယ်။ တစ်ချို့သော စာတမ်းများကလဲ ကျွန်တော်တို့ဟာ သူတို့ရဲ့ ဖြစ်တည်မှုကို နားလည်မယ်လို့ ပြောထားပါသေးတယ်။ ဒါပေမယ့်လဲ ကျွန်တော်တို့ဟာ dark matter များကို နားလည်ဖို့အတွက် အမှောင်ထဲမှာပဲ ရှိနေပါသေးတယ်။

စကြဝဠာကြီး ဘယ်လိုဖြစ်ပေါ်လာသလဲ

ကျွန်တော်တို့ဟာ စကြဝဠာကြီးအတွင်းက အရာများ၊ လုပ်ဆောင်ပုံများနဲ့ အဆင့်ဆင့်ပြောင်းလဲပုံများကို ကောင်းစွာ လေ့လာပြီး နားလည်နေကြပြီဖြစ်ပါတယ်။ ဒါပေမယ့်လဲ ဒါတွေအကုန် ဘယ်လိုစတင်ဖြစ်တည်လာသလဲဆိုတာကိုတော့ မသိရှိသေးပါဘူး။ တစ်စုံတစ်ဦးက ဖန်တီးလိုက်တာဖြစ်တယ်ဆိုတာကတော့ ဘာကိုမှ မဖြေရှင်းသွားတဲ့ ဖြေရှင်းချက်တစ်ခုဖြစ်နေပါတယ်။ သိပ္ပံဟာ အဲ့ဒီလို အဖြေများကိုလုံးဝလက်မခံပဲ တိကျတဲ့ အဖြေမှန်များကို ထုတ်ပေးဖို့သာ စိတ်ဝင်စားပါတယ်။

အခုလက်ရှိမှာ နာမည်အကြီးဆုံးနဲ့ လက်ခံမှုအများဆုံး သီအိုရီကတော့ မဟာပေါက်ကွဲခြင်း ခေါ် big bang သီအိုရီပဲဖြစ်ပါတယ်။ သီအိုရီအရတော့ စကြဝဠာကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃.၈ ဘီလီယံခန့်က အလွန့်အလွန်ကို ပူပြင်းပြီး သိပ်သည်းဆပြင်းထန်လှတဲ့ Singularity ကနေ စတင်ခဲ့တယ်ဆိုတာပဲဖြစ်ပါတယ်။ ဒီမဟာပေါက်ကွဲမှုဆိုတာ နေရာတစ်နေရာမှာ ပေါက်ကွဲခြင်းမဟုတ်ပဲ အဲ့ဒီ နေရာများ ပေါက်ကွဲပြီး ပြန့်ကားလာခြင်းပဲဖြစ်ပါတယ်။ သူ့နောက်ပိုင်းမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ကောင်းမွန်စွာ လေ့လာပြီးဖြစ်ပေမယ့် ဘာ့ကြောင့် စတင်ဖြစ်ပျက်ခဲ့ရသလဲဆိုတာကတော့ အသည်းအသန် လေ့လာနေကြစဲ ဖြစ်ပါတယ်။

ကောင်းမွန်လှတဲ့ ပဟေဋိများရဲ့ ထုံးစံအတိုင်း ပထမဆုံး မေးမြန်းမိခဲ့တဲ့ မေးခွန်ဆီကို သွားနေစဉ်မှာပဲ ပိုမိုနက်နဲတဲ့ မေးခွန်းများကို ထပ်ကာထပ်ကာ တွေ့ရှိလာပါတယ်။ တစ်စုံတစ်ဦးက ဖန်ဆင်းလိုက်လို့ ဖြစ်တယ်ဆိုတာကတော့ ဒီလေ့လာမှုတံခါး၊ အသိညဏ်တိုးတက်မှုကို တံခါးပိတ်လိုက်တာနဲ့ အတူတူပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အခုဆိုရင် နှိုင်းရသီအိုရီနဲ့ ကွမ်တမ်သီအိုရီများကို အသုံးပြုပြီးတော့ လေ့လာနေရာမှာ အစောဆုံး အချိန်ဖြစ်တဲ့ big bang အပြီး 10^-40 စက္ကန့်မတိုင်ခင်က ဖြစ်စဉ်များကို လုံးဝမသိတော့ပါဘူး။

ကျွန်တော်တို့ဟာ CERN က လေ့လာနေတဲ့ antimatter တို့ကို နားလည်ပြီဆိုရင်တော့ စကြဝဠာစတင်မှုဖြစ်စဉ်ကို မသိနိုင်သေးပေမယ့် ပိုမိုနီးစပ်တဲ့ အဖြေများကို ရရှိသွားနိုင်မယ်လို့ မျှော်လင့်နိုင်ပါတယ်။

ဂြိုဟ်နံပါတ် ၉ ဆိုတာဘာလဲ

ကွိုင်ပါခါးပတ် အပြင်ဘက်မှာ ပဟေဋိဆန်တဲ့ အရာများဟာ စုဝေးပြီး နေမင်းကြီးကို လှည့်ပတ်နေပါတယ်။ သူတို့ဟာ နတ်ပ်ကျွန်းထက် ပိုဝေးတဲ့ နေရာကနေ နေမင်းကြီးကို လှည့်ပတ်နေကြတာဖြစ်ပါတယ်။ အဲ့ဒီအရာထဲက အချို့ဟာ နတ်ပ်ကျွန်းဂြိုဟ်ရဲ့ ဆွဲငင်အားအတွင်းမှာ ကျရောက် လှည့်ပတ်နေကြပြီး အချို့ကတော့ ပိုမိုကြီးမားတဲ့ အရာတစ်ခုရဲ့ ဆွဲငင်အားကြောင့် အဲ့ဒီ ပတ်လမ်းထဲကနေ ဆွဲထုတ်ခြင်းကိုလဲ ခံနေရပါတယ်။ သူတို့ကို ဆွဲထုတ်နေတဲ့ ဆွဲငင်အားကြီးမားတဲ့ အရာဟာ ဘာများလဲ။ ဒီအရာကို ဂြိုဟ်နံပါတ် ၉ (planet 9) ဆိုပြီး အမည်ပေးထားတာပဲဖြစ်ပါတယ်။

Credit – Space.com

နေအဖွဲ့အစည်းကြီးကို ကြီးမားတဲ့ အပြားကြီးတစ်ခုအဖြစ် မှတ်ယူလိုက်ပါ။ ဒီ နတ်ပ်ကျွန်းအကျော်က နေရာမှာ ရှိတဲ့ အစုအဝေးများဟာ အပေါ်ဖက်ကို အနည်းငယ် ခုံးထွက်နေတာကို တွေ့မြင်ရပါတယ်။ အဲ့ဒီလောက်ထိကို ဆွဲငင်အား ကြီးမားပါတယ်။ သူဟာ ကမ္ဘာထက် ကြီးမားတဲ့ mass ကို ပိုင်ဆိုင်ပါတယ်။ ဒါပေမယ့်လဲ ကျွန်တော်တို့ဟာ သူ့ရဲ့ တည်ရှိမှုကို မျက်ဝါးထင်ထင် မထောက်လှမ်းနိုင်သေးဘူးဖြစ်ပါတယ်။ အခုမှ ကျွန်တော်တို့ဟာ သူ့ကို အသည်းအသန် လိုက်လံရှာဖွေနေတုန်း အဆင့်ပဲ ရှိပါသေးတယ်။

သူဟာ အလွန်ကို မှေးမိန်တာကြောင့် မတွေ့တာလဲ ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မကြာခင်အနာဂတ်မှာ ကျွန်တော်တို့ဟာ ပိုမိုကောင်းမွန်တဲ့ တယ်လီစကုတ်များကို လွှတ်တင်သွားမှာ ဖြစ်တဲ့ အတွက် သူ့ဆီက အလင်းပြန်ကန်မှုကို ကောင်းမွန်စွာ ထောက်လှမ်းနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ဂြိုဟ်သားတွေ ဘယ်မှာလဲ

ဒါကတော့ စိတ်ကူးယဉ်လို့အကောင်းဆုံးနဲ့ စိတ်ကူးယဉ်သိပ္ပံစာရေးဆရာများ၊ ဒါရိုက်တာများရဲ့ အကြိုက်ဆုံး topic ထဲက တစ်ခုဖြစ်ပါတယ်။ သူ့တို့ကို တွေ့ရှိတယ်ဆိုပြီးတော့ ယုံတမ်းပြောဆိုနေကြသူများဟာလဲ တစ်နေ့တစ်ခြား တိုးပွားနေကြပါတယ်။

စကြဝဠာကြီးဟာ သက်တမ်း ဘီလီယံပေါင်းများစွာ ရှိပြီဖြစ်ပါတယ်။ ဒီလောက် သက်တမ်းကြာပြီး ကျယ်ပြောလှတဲ့ စကြဝဠာထဲမှာ ဒီ သာမန်နေအဖွဲ့အစည်းအတွင်းက တတိယမြောက် ဂြိုဟ်လေးတစ်လုံးမှာသာ သက်ရှိများ ဖြစ်တည်နေကြတယ်လို့ တွေးတောရမှာဟာ အလွန်ကို ကသိကအောက် နိုင်ပါတယ်။ ကျွန်တော်တို့ဟာ သူတို့ကို တွေ့ရှိသင့်နေပါပြီ။ ဒါပေမယ့် သူတို့ ဘယ်ရောက်နေကြသလဲ။ ဘာဖြစ်လို့ ပေါ်မလာကြသလဲ။

The Arrival ရုပ်ရှင်မှ ဇာတ်ဝင်ခန်းတစ်ခန်း

ဒီထဲမှာမှ နာမည်ကြီးတဲ့ သီအိုရီကတော့ The Great Filter သီအိုရီပါပဲ။ အကျဉ်းချုပ်ပြောရမယ်ဆိုရင်တော့ အဖွဲ့အစည်းတစ်ခုဟာ အဆင့်ဆင့်တိုးတက်လာပြီဆိုရင် The Great Filter ကို ကြုံရပါတယ်။ သူတို့ထဲက တော်တော်များများဟာ အဲဒီ filter ကို မကျော်နိုင်ပဲ ပျက်သုဉ်းသွားကြတယ်ဆိုတာပါပဲ။ ဒီအကြောင်းကို ဒီနှစ်ထဲမှာ ထွက်မယ့် ကျွန်တော့်ရဲ့ ပထမဆုံး သိပ္ပံစာအုပ်မှာ ဖော်ပြသွားဖို့ ကြိုးစားထားပါတယ်။

တကယ်လို့ ကမ္ဘာဂြိုဟ်ပြင်ပ သက်ရှိများ ဖြစ်တည်မယ်ဆိုရင်လဲ သူတို့ဟာ ရေခဲပြင်များ၊ ကျောက်စိုင်ခဲများအောက်မှာ microbes များအဖြစ် တည်ရှိနေဖို့ များပါတယ်။ အခုဆိုရင် နာဆာက သိပ္ပံပညာရှင်များဟာ ဂျူပီတာနဲ့ စေတန်တို့ရဲ့ အရံလများအပေါ်မှာ သက်ရှိများရှိနေနိုင်တယ်လို့ သံသယဝင်နေပြီး တစ်နေ့နေ့မှာ သေချာလေ့လာသွားဖို့ စိတ်အားထက်သန်နေကြပါတယ်။ နောက် ဆယ်စုနှစ်တစ်ခုအတွင်းမှာ ဂျူပီတာရဲ့ အရံလတစ်လုံးဖြစ်တဲ့ ယူရိုပါ လပေါ်မှာ သွားပြီးတော့ အနီးကပ် ပျံသန်း လေ့လာသွားမယ်လို့ ခန့်မှန်းထားပါတယ်။

ဘယ်လိုပဲ အခြေအနေဖြစ်ဖြစ် သိပ္ပံပညာဟာ အသစ်အသစ်သော မေးခွန်းများရဲ့ အဖြေကို အနီးစပ်ဆုံးပေးစွမ်းနေတဲ့ တစ်ခုတည်းသော နည်းလမ်းပဲဖြစ်ပါတယ်။ တစ်စုံတစ်ခုက ဖန်ဆင်းလိုက်လို့ ဒီလိုဖြစ်သွားတယ်ဆိုတာကတော့ ဘာကိုမှ ဖြေရှင်းမပေးတဲ့ ဖြေရှင်းချက်တစ်ခု၊ ရှောင်လွှဲချက်တစ်ခုသာဖြစ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့သိပ္ပံပညာဟာ အခုမှ အဟုန်နဲ့ တရှိန်ထိုးတိုးတက်လာနေပြီဖြစ်ပါတယ်။ တကယ်ကို အားရမိပါကြောင်း။

Comments