Thar Htet Aung
Be my friend

Thar Htet Aung

Founder at Curiosity
Hey, I’m Thar Htet, the founder of Curiosity. I’m a blogger and technical expert(Engineering and Information & Technology) living in Yangon Region, Myanmar (Burma) holding the Bachelor Degree of Engineering. I am a fan of technology, entrepreneurship, and politics. I’m also interested in astronomy and education.
Thar Htet Aung
Be my friend

ကမ္ဘာကြီးရဲ့ သံလိုက်စက်ကွင်းဟာ သူ့ရဲ့ ဝင်ရိုးနှစ်ဖက်ကို ပြောင်းပြန် ပြောင်းလဲလေ့ရှိပါတယ်။ တောင်ဝင်ရိုးစွန်းက မြောက်ဝင်ရိုးစွန်းဖြစ်၊ မြောက်ဝင်ရိုးစွန်းက တောင်ဝင်ရိုးစွန်းဖြစ်၊ စသဖြင့် သူတို့ ပြောင်းလဲလေ့ရှိတာကို လေ့လာသိရှိပြီးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၂၀ ခန့်က စလို့ ကမ္ဘာကြီးရဲ့ ဝင်ရိုးစွန်းဟာ နှစ်ပေါင်း ၂ သိန်းကနေ ၃ သိန်းကြားမှာတစ်ခါ ပုံမှန်ပြောင်းလဲလေ့ရှိပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ သောင်းခန့်က သူတို့ ပြောင်းလဲဖို့ ကြိုးစားခဲ့ပေမယ့် တကယ်တော့ မပြောင်းလဲဖြစ်ခဲ့ပါဘူး။ နောက်ဆုံး အောင်အောင်မြင်မြင် ဝင်ရိုးစွန်းပြောင်းလဲခဲ့တာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ရ၈၀,၀၀၀ ခန့်က ဖြစ်ပြီးတော့ အခုဆိုရင် ကျွန်တော်တို့ဟာ ဖြစ်နေကျ အချိန်ကို ကျော်လွန်ပြီး မပြောင်းလဲပဲဖြစ်နေတာဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့ ဝင်ရိုးစွန်းဟာ အမြဲတမ်းပြောင်းလဲနေပြီး မိုးကုတ်စက်ဝိုင်းအလိုက် လုံးဝ flip ဖြစ်သွားဖို့ကတော့ ကျွန်တော်တို့ အတည်မပြုနိုင်သေးပဲဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ပြောင်းလဲမှုများမှာတော့ လူသားတို့ကို ကြီးကြီးမားမားထိခိုက်မှု မရှိခဲ့ပဲ ဒီတစ်ခါပြောင်းလဲရင်တော့ အရမ်းကို ကြီးမားတဲ့ အကျိုးသက်ရောက်မှုများကို ကျွန်တေ်ာတို့ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုလက်ရှိမှာ ကျွန်တော်တို့ဟာ လျှပ်စစ်ပစ္စည်းများကို ပိုင်ဆိုင်နေတဲ့အတွက်ပါပဲ။

ဒီလိုပြောင်းလဲမှု ဖြစ်တယ်မဖြစ်ဖူးဆိုတာကိုတော့ အခုဆိုရင် သိပ္ပံပညာရှင်များဟာ ဂြိုဟ်တုဓာတ်ပုံများနဲ့ ရှုတ်ထွေးလှတဲ့ တွက်ချက်မှုများကို အသုံးပြုပြီး ကမ္ဘာ့သံလိုက် စက်ကွင်းများကို လေ့လာနေကြပါတယ်။ အရည်ပျော်နေတဲ့ သံများနဲ့ နီကယ်များဟာ ကမ္ဘာ့သံလိုက်စက်ကွင်းကို ဖြစ်ပေါ်စေတဲ့ ကမ္ဘာ့ဗဟို (core) အတွင်းက စွမ်းအင်များကို စုပ်ယူနေတာကို တွေ့ရပါတယ်။

ပြီးတော့ တောင်ဝင်ရိုးစွန်းဟာလဲ အရမ်းကို တည်ငြိမ်တဲ့ အခြေအနေမှာ တည်ရှိနေခြင်းမဟုတ်ပဲ ခန့်မှန်းတွက်ချက်လို့ မရတာကို သူတို့တွေ့ရပါတယ်။ တကယ်လို့ သံလိုက် block များဟာ dipole လို့ခေါ်တဲ့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်သက်ရောက် ထိန်းညှိထားတဲ့ သံလိုက်အားကို ကျော်လွန်သွားမယ်ဆိုရင်တော့ အဲ့ဒီ ဝင်ရိုးစွန်းနှစ်ခုဟာ အလိုလို ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

ဒီလိုဖြစ်စဉ်ဟာ မကြာခင်မှာဖြစ်တော့မယ်လို့ တိုက်ရိုက်ပြောလို့မရပေမယ့် ကမ္ဘာ့ဗဟို core က ဖြစ်စဉ်များကတော့ မဝေးတော့တဲ့ အနာဂတ်မှာဖြစ်တော့မယ်လို့ ညွှန်ပြနေပါတယ်။ ဒီလို ဝင်ရိုးပြောင်းလဲလိုက်ရင် ကျွန်တော်တို့အပေါ် ဘယ်လို အကျိုးသက်ရောက်မလဲ။

သံလိုက်စက်ကွင်း ပြောင်းလဲခြင်း (Credit to NASA)
လျှပ်စစ်ပိုင်းဆိုင်ရာ အိပ်မက်ဆိုးကြီးများ

ကမ္ဘာ့သံလိုက်စက်ကွင်းဟာ solar rays နဲ့ cosmic rays များကနေ ကျွန်တော်တို့ကို ကာကွယ်ပေးထားပါတယ်။ ဝင်ရိုးစွန်းပြောင်းလဲမှုဖြစ်လိုက်ပြီဆိုရင် သူ့ရဲ့ ဒီစွမ်းဆောင်ချက်ဟာ ၁၀ ပုံ ၁ ပုံလောက် ကျဆင်းသွားနိုင်ပါတယ်။ ဝင်ရိုးစွန်းပြောင်းလဲနေမှုဖြစ်စဉ်ဟာ နှစ်ပေါင်း ရာဂဏန်းအထိ ကြာမြင့်တတ်ပြီး အဲ့ဒီတစ်ချိန်လုံးမှာ ခုနက ပြောခဲ့တဲ့ ray တွေဟာ ကမ္ဘာကြီးအပေါ် ပိုမိုနီးကပ်စွာ သက်ရောက်နေကြမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အဲ့ဒီ ray များကို ကျင့်သားရမထားတဲ့အတွက် ရောဂါဘယများထူပြောခြင်း သို့မဟုတ် အသစ်အသစ်သော ရောဂါတွေလဲ ပေါ်ပေါက်လာနိုင်ပါတယ်။

အာကာသထဲကလာတဲ့ radiation တွေဟာ ကမ္ဘာကြီးဆီကို ပိုမိုနီးကပ်များပြားလာမှာဖြစ်ပြီးတော့ အချို့သော နေရာတွေမှာဆိုရင် လုံးဝနေထိုင်ရှင်သန်လို့ မရတော့တဲ့ နေရာတွေဖြစ်သွားပြီး တစ်ချို့မျိုးစိတ်များဟာလဲ မျိုးသုန်းသွားခြင်းများ ကြံုရနိုင်ပါတယ်။ ဒီလိုတွေမဖြစ်ခင်မှာ အားနည်းနေတဲ့ သံလိုက်စက်ကွင်းဟာ ကမ္ဘာကြီးကို လှည့်ပတ်နေတဲ့ ဂြိုဟ်တုများကို အကျိုးသက်ရောက်နိုင်ပါသေးတယ်။

အဲ့ဒီ ဂြိုဟ်တုတွေကို ထိခိုက်သွားပြီဆိုရင် သူတို့ ထိန်းချုပ်နေတဲ့ ကမ္ဘာပေါ်က electronic grids တွေမှာလဲ timing system တွေလွဲသွားပြီးတော့ ကမ္ဘာအနှံ့ လျှပ်စစ်မီးပြတ်တောက်ခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။ ကျွမ်းကျင်သူများ သုံးသပ်တာကတော့ ဒီလို ပြတ်တောက်တဲ့ ဖြစ်စဉ်ဟာလဲ ဆယ်စုနှစ်များစွာ ကြာနိုင်တယ်လို့ ပြောကြားထားပါတယ်။

ဒီမှာထပ်ပြီး စဉ်းစားရမှာက ကျွန်တော်တို့ဟာ အခုဆိုရင် လျှပ်စစ်ပစ္စည်းများအပေါ် အလွန်မီခိုနေသူများဖြစ်ပြီးတော့ အလိုလျောက်မောင်းနှင်တဲ့ကားများ၊ AI များနဲ့ အခြား ဘဏ်လုပ်ငန်းဆိုင်ရာ စနစ်ကြီးများပါ ထိလိုက်လာနိုင်ပါတယ်။

ကျွန်တော်တို့ ရှင်သန်နိုင်ပါတယ်

သံလိုက်ဝင်ရိုးစွန်းများ ပြောင်းလဲသွားရင် ကျွန်တော်တို့သိတဲ့ လူ့အဖွဲ့အစည်းဟာ ယိမ်းယိုင်သွားမှာတော့ အမှန်ပါပဲ။ ဒါပေမယ့်လဲ ကျွန်တော်တို့ လူသားမျိုးနွယ်ကြီး မျိုးသုန်းပျက်စီးသွားမှာတော့ မဟုတ်ပါဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သံလိုက်စက်ကွင်းများဟာ မလွဲမသွေပြောင်းလဲပါလိမ့်မယ်။ ဒါပေမယ့်လဲ ကျွန်တော်တို့ဟာ ကြိုတင်ခန့်မှန်းနိုင်တဲ့ နည်းပညာများရှိပြီးတော့ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ပါလိမ့်မယ်။ (ဒီတစ်ခါမှာလဲ သိပ္ပံကပဲအနိုင်ယူပါတယ်။)

ပြောရမယ်ဆိုရင်တော့ ဂြိုဟ်တုကုမ္ပဏီများဟာ ဒီလို သံလိုက်စက်ကွင်းပြောင်းလဲတော့မယ့် သတင်းရပြီဆိုတာနဲ့ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားနိုင်ပြီး အဲ့ဒီဖြစ်စဉ်အတွင်းမှာ အချင်းချင်း ဆက်သွယ်ဖို့ နည်းလမ်းများကို အကောင်အထည် ဖော်ပါလိမ့်မယ်။ အစိုးရနဲ့ တက္ကသိုလ်များက သုတေသီများဟာ ပြင်းထန်လှတဲ့ radiation များကို ခံနိုင်မယ့် ဂြိုဟ်တုများဆောက်လုပ်နိုင်ဖို့အတွက် အပြင်းအထန် ကြိုးစားသွားကြပါလိမ့်မယ်။ အဲ့ဒီအခါမှာတော့ မြန်မာလဲအခန်းကဏ္ဌတစ်ခုကနေ ပါကောင်းပါလာနိုင်ပါတယ် လို့ မျှော်လင့်မိပါတယ်။

ဒီဖြစ်စဉ်ကြောင့် တစ်ကမ္ဘာလုံး ရုန်းရင်းဆန်ခက်ဖြစ်မသွားနိုင်ပါဘူး။ ကမ္ဘာကြီးရဲ့ သံလိုက်စက်ကွင်းများဟာ ပုံမှန်ပြောင်းလဲနေတာ နှစ်သန်းပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပါတယ်။ အနာဂတ်မှာလဲ ဖြစ်နေဦးမှာပါပဲ။ ကျွန်တော်တို့ လုပ်နိုင်တဲ့ အကောင်းဆုံး ဖြေရှင်းနည်းကတော့ အဲ့ဒီနောက်တစ်ကြိမ်အတွက် အကောင်းဆုံး ပြင်ဆင်ထားဖို့ပါပဲ။

References: UndarkNASAPhys.org

Comments